
ဖဒူ ထွန်းအောင်၊ DMG
အောက်တိုဘာလ ၁၇၊ စစ်တွေ
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ တစ်နှစ်တာ ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သတ်ပြီး အားရကျေနပ်မှု ရှိခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက ပြောဆိုလိုက်သည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဒုတိယ (၁)နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သတ်ပြီး အောက်တိုဘာလ ၁၇ ရက်နေ့က ပြည်နယ်အစိုးရအဖွဲ့ရုံး သတင်းစာရှင်းလင်းပွဲ အခမ်းအနားတွင် ဝန်ကြီးချုပ်က ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။
“ကျေနပ်မှုရှိပါတယ်။အများကြီး အားရပါတယ်။ တစ်ဦးချင်း ဝင်ငွေကစပြီး တိုးတက်မှုရှိတယ်။ ပညာရေး၊ကျန်းမာရေး၊လူမှုရေး တခြားတိုင်းနဲ့ပတ်သတ်တွေနဲ့ထက်ပိုပြီး ဒီမှာ ပိုပြီးတော့ သိသိသာသာ တိုးတက်မှုများရှိသည့်အတွက် အားရကျေနပ်တယ်လို့ ပြောတာဖြစ်ပါတယ်”ဟု ဦးညီပုက ဆိုသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပညာရေးတိုးတက်မှုရှိသည်ဟု ပြောဆိုသော်လည်း တခြားတိုင်းနှင့်ပြည်နယ်များ နှင့် နှိုင်းယှဉ်လျှင် ပြည်နယ်၏ တက္ကသိုလ်ဝင်တန်းအောင်ချက် မှာ၂၁.၄၅ရာခိုင်နှုန်း သာရှိသည်။ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ် (အရှေ့) တို့သာ ရခိုင်ပြည်နယ်ထက် တက္ကသိုလ်ဝင်တန်း အောင်ချက်နည်းပါးသည်ကို တွေ့ရသည်။
အစိုးရအဖွဲ့၏ ဆောင်ရွက်မှုများကို အားရကျေနပ်မှုရှိကြောင်း ဝန်ကြီးချုပ်က ပြောဆိုသော်လည်း စီမံခန့်ခွဲမှုညံ့ဖျင်းမှု၊ တာဝန်ယူမှုအားနည်းခြင်းတို့ကြောင့် ပြည်သူအချို့ အားရကျေနပ်မှုမရှိကြပေ။
“ရခိုင်ပြည်တင် မက မြန်မာတစ်နိုင်ငံလုံးရဲ့ စီးပွားရေးဒီလောက်ကျဆင်းနေတဲ့အချိန်မှာ၊ရခိုင်ပြည်မှာ လူသားအရင်းအမြစ်တွေ ပြည်မဘက်၊ပြည်ပဘက်ကို ထွက်ခွာနေတဲ့အချိန်မှာ ရခိုင်ဖွံ့ဖြိုးတိုးတက်မှုရှိတယ်လို့ယူဆတာဟာ ဘယ်စာရင်းဇယားနဲ့ ယူဆတာလဲ။ နောက်တစ်ခုက ဌာနဆိုင်ရာတွေအပေါ်မှာ ထိန်းချုပ်ကွပ်ကဲမှုလည်း အားနည်းလွန်းတယ်” ဟု စစ်တွေမြို့နယ် လူမှုအဖွဲ့အစည်းများကိုယ်စားပြုကော်မဝင် ဦးစိုးနိုင်က ပြောသည်။
ပြည်နယ်အစိုးရအဖွဲ့သည် ရခိုင်လူထုများနှင့် ထိတွေ့ဆက်မှုနည်းပါးသည်ဟုဝေဖန်ကြသည်။ ယင်းသို့ဝေဖန်မှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လက်မခံပေ။
“ကျနော်တို့ ပူးပေါင်းဆောင်ရွက်တယ်။ မပူးပေါင်း မဆောင်ရွက်ဘူးဆိုတာ မရှိပါဘူး”ဟု ဦးညီပုက ပြောသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်းပွဲတွင် ဝန်ကြီးများ စုံလင်စွာ တက်ရောက်ကြသော်လည်း ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးကျော်အေးသိန်း တက်ရောက်လာခြင်း မရှိသည်ကို တွေ့ရသည်။




