ခိုင်မင်း(ကျောက်ဖြူ) / DMG

ဧပြီလ ၂၇ ၊ စစ်တွေ

ကျောက်ဖြူနှင့်စစ်တွေမြို့သို့ ပြေးဆွဲနေသည့် အစိုးရပိုင်သင်္ဘောများမှာ နေ့စဉ်ပြေးဆွဲရန် အခက်အခဲများ ရှိနေသောကြောင့် တစ်ပတ်လျှင် ၂ ရက် ပြေးဆွဲနိုင်အောင် စီစဉ်နေသည်ဟု လျှပ်စစ်၊စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကျော်ဇံက ပြောသည်။

ရခိုင်ပြည်နယ်၏ ရေကြောင်းခရီးများတွင် အသုံးပြုရန်အတွက် ဂျပန်နိုင်ငံက လှူဒါန်းထားသည့် ကစ္စပနဒီ သင်္ဘောရောက်ရှိနေပြီဖြစ်သော်လည်း နေ့စဉ်ပြေးဆွဲရန် အခက်အခဲများရှိနေသည်။

“ကစ္စပနဒီကို နေ့စဉ်ပြေးဆွဲဖို့ဆိုတဲ့ဥစ္စာကတော့ မဖြစ်နိုင်ဘူး။ ကျောက်ဖြူကသင်္ဘောနဲ့ စစ်တွေကို ထွက်မယ်ဆိုရင် တစ်ကြောင်းကို ဂါလံ(၄၀၀)လောက်ကုန်တယ်။ အဲဒီဆီစရိတ်တောင် ကာအောင် ဆွဲနေရတယ်။ တစ်ဖက်မှာလည်း ပုဂ္ဂလိကယာဉ်တွေကိုလည်းပဲ လမ်းကြောင်းဖွင့်ပေးရမယ်။ ဒါကို ကျောက်ဖြူနဲ့စစ်တွေကို အမြဲတမ်းရှိနေအောင်ကတော့ ပုဂ္ဂလိတွေနဲ့ ညှပ်ပြီးတော့ပြေးဆွဲသွားဖို့ အစီအစဉ်တွေရှိပါတယ် ” ဟု ဝန်ကြီးဦးအောင်ကျော်ဇံက ပြောသည်။

ကစ္စပနဒီ ၁၊ ၂၊ ၃ အမည်ရှိ ရေယာဉ်သင်္ဘော(၃)စီးအနက် (၁)နှင့် (၂)မှာ ပျက်နေသည့်အတွက် ပြေးဆွဲနိုင်ခြင်း မရှိပေ။ ယခုနှစ်မတ်လအတွင်းတွင်ရောက်ရှိသည့် ကစ္စပနဒီ (၃)တစ်စီးသာ စစ်တွေ - ကျောက်ဖြူခရီးစဉ်ကို တစ်ပတ်လျှင်တစ်ရက်သာ ပြေးဆွဲနေခြင်းဖြစ်သည်။

“ကစ္စပနဒီ(၂) စက်ပျက်နေတဲ့အကောင်။ မေလအလယ်လောက်မှာ အဲဒီအကောင် အင်ဂျင် တပ်မှာ၊ တပ်ပြီးပြီဆိုရင် စစ်တွေ-မြေပုံ-ကျောက်ဖြူကိုပြေးဆွဲသွားမှာပါ။ တစ်ပတ်မှာ(၂)ကြိမ် ဖြစ်သွားမှာပေါ့” ဟု ဝန်ကြီးဦးအောင်ကျော်ဇံက ပြောသည်။

ယခုလအတွင်းတွင် ကျောက်ဖြူ-စစ်တွေသို့ ပြေးဆွဲနေသည့် ပုဂ္ဂလိကပိုင်ရေယာဉ်တစ်စီးသည် သတ်မှတ်ထားသည့် လူထက် အပိုတင်ဆောင်မှုကြောင့်ခရီးသည်များကြောက်လန့်ပြီး သက်ဆိုင်ရာကို တိုင်ကြားသောကြောင့် ခရီးစဉ်ကို ရပ်တန့်ခဲ့ကြသည်။

ဓါတ်ပုံ - မြန်မာ့ရေကြောင်းပို့ဆောင်ရေး

Author: ခိုင်မင်း(ကျောက်ဖြူ)