အစိုးရဝန်ထမ်းများကို လစာတိုးပေးရန် အစီအစဉ်မရှိသေးဟု စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဆို

မေလ ၂၅ ရက်၊ ၂၀၁၇ ခုနှစ်၊ နေပြည်တော် (DMG) ။    ။  အစိုးရဝန်ထမ်းများကို လစာတိုးပေးရန် အစီအစဉ်မရှိသေးဟု စီမံကိန်းနှင့်ဘဏ္ဍာရေး ဒု-ဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောဆိုလိုက်သည်။

ယနေ့(မေလ ၂၅ ရက်နေ့)တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် မင်းကင်း မဲဆန္ဒနယ်မှ ဦးမောင်မြင့်က အစိုးရဝန်ထမ်းများ၏ လက်ရှိရင်ဆိုင်နေရသော စီးပွားရေးကြပ်တည်းမှုကို စာနာထောက်ထား သောအားဖြင့် လစာတိုးပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သတ်၍ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမောင်မောင်ဝင်းက အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီး ဦးမောင်မောင်ဝင်းက “ယခုအချိန်သည် နိုင်ငံတော်ကို ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံဖြစ်စေရန် ကြိုးပမ်းနေချိန် ဖြစ်သဖြင့် နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်မှုယန္တရားလည်ပတ်မှုသွက်လက်စေရန်မှာ နိုင်ငံတော်အစိုးရက တည်ဆဲဥပဒေ ၊ လုပ်ထုံးလုပ်နည်း ၊စည်းမျဉ်းစည်းကမ်းများနှင့်အညီ ခန့်အပ်ထားသည့် နိုင်ငံဝန်ထမ်းများ အပေါ် မူတည်လျက် ရှိသကဲ့သို့ နိုင်ငံဝန်ထမ်းများအား ခံစားခွင့်ပြုသည့် လစာ၊စရိတ်များနှင့် ချီးမြှင့်ငွေများအတွက် ကုန်ကျမည့် အသုံးစရိတ်၊ခန့်အပ်သင့် ဝန်ထမ်းဦးရေစသည့်တို့အား နိုင်ငံတော်အစိုးရ အနေဖြင့် မျက်ခြည်မပြတ် သုံးသပ်ဆောင်ရွက်လျက်ရှိကြောင်း”ဟု  ဖြေကြားခဲ့သည်။

အစိုးရဝန်ထမ်းများအား အခွန်ကောက်ရငွေများ အပါအဝင် နိုင်ငံတော်၏ ရငွေများတိုးတက်လာသည်နှင့်အမျှ နိုင်ငံဝန်ထမ်းများကို လစာနှုန်းထားများ  တိုးမြှင့်ပေးနိုင်ရန် သုံးသပ်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် သို့သော်လည်း ယခုအချိန်တွင် လစာတိုးပေးခြင်းထက် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိစေရန် ကြိုးပမ်းပြီးမှသာလျှင် လစာတိုးပေးရန် စဉ်းစားမည်ဖြစ်ကြောင်းလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

 

 

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်