
သြဂုတ် ၂၉ ရက်၊ ခိုင်ရိုးလ
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် တက္ကသိုလ်မှ ကျောင်းသား/သူများကို ကြိုပို့ပေးနေသောရိုးမသဇင်လိုင်းကားများ ပြေးဆွဲနေမှုကိုယနေ့ သြဂုတ်လ ၂၉ ရက်နေ့မှစ၍ ရပ်နားထားလိုက်ကြောင်းသိရသည်။
အဆိုပါ တက္ကသိုလ်ကြို၊ ပို့ကားများပြေးဆွဲမှုရပ်နားလိုက်ရခြင်းမှာကျောင်းသား၊ ကျောင်းသူတစ်ချို့မှာအဆင်ပြေသလိုသုံးဘီးများဖြင့်သွားနေခြင်း၊ သုံးဘီးဆိုင်ကယ်များ ဝင်ရောက်ပြေးဆွဲနေခြင်းများကြောင့် တက္ကသိုလ်ယဉ်လိုင်းများမှာအဆင်မပြေဖြစ်လာကြသဖြင့် ရပ်နားလိုက်ခြင်းဖြစ်ကြောင်းသိရသည်။
“ သုံးဘီးဆိုင်ကယ်တွေကဒီမှာလိုင်းဆွဲမှုဟာတရားမဝင်ဘူး။ ကျွန်တော်တို့ ရိုးမသဇင်မော်တော်လိုင်းဆိုပြီးတော့ တရားဝင်ပေးထားပြီးသားပါ။ ဒါကိုအပြင်ကနေ သုံးဘီးဆိုင်ကယ်တွေက လိုင်စင်ရှိတဲ့ဟာတွေရှိ သလိုလိုင်စင်မရှိတဲ့ဟာတွေပိုပြီးများပြားနေကာ တက္ကသိုလ်ထိဝင်ပြီး တောက်လျှောက်ဆွဲနေတဲ့အတွက် ကျွန်တော်တို့ယာဉ်လိုင်းအဆင်မပြေဖြစ်ကာ ရပ်နားထားလိုက်ရတာပါ ” ဟု ရိုးမသဇင် တက္ကသိုလ်ကြိုပို့ယာဉ်လိုင်းဥက္ကဌ ကိုသန်းဇော်က မီဒီယာများကိုပြောသည်။
ယခုရပ်နားထားသည့် ရိုးမသဇင် တက္ကသိုလ်ကြိုပို့မော်တော်ယာဉ်လိုင်းမှာ ၂၀၁၅ ခုနှစ် ဝန်ကြီးချုပ်မောင်မောင်အုန်းလက်ထက်မှ တက္ကသိုလ်ပြေးဆွဲနေသောယာဉ် အဆင့်မြင့်တင်ရေးအဖြစ် သုံးဘီးဆိုင်ကယ်မှ Hijet ကားများကိုလဲပေးခဲ့ကာ တရားဝင် စတင်ပြေးဆွဲလာခြင်းလည်းဖြစ်ပြီး မော်တော်ကားအရေတွက် ၁၃၁ စီးရှိကြောင်းသိရသည်။
ထိုတက္ကသိုလ်ကျောင်းနံဘေးတွင် သုံးဘီးကားမောင်းနေသူများမှာ ခရီးသည်များကို လုယူပြီးပြေးဆွဲခြင်းမျိုး မဟုတ်ကြောင်းနှင့် မိမိတို့ဆီကို လာရောက်စီးနင်းသော ကျောင်းသားကျောင်းသူများကိုသာ တင်ဆောင်ခြင်းဖြစ်ကြောင်းကို သုံးဘီးမောင်းနှင်သူ ကိုမျိုးဝင်းလှိုင်ကပြောသည်။
“ ကျွန်တော်တို့က ဒီဘက်ရထားလမ်းနားမှာဘဲနေတာပါ။ ကာသမားတွေမတင်တဲ့လူတွေ၊ ကားမစီးနိုင်တဲ့လူတွေမှ ရွေးပြီးတော့တင်တာပါ။ ကျွန်တော်တို့သွားမခေါ်ပါဘူး။ သွားမလား မသွားဘူးလားမေးကြည့်တယ်။ ကျောင်းသားတွေလည်း အမြန်လိုတဲ့သူတွေရှိတာပေါ့။ ကျွန်တော်တို့ကသူတို့ဆီကသွားပြီး(ခရီးသည်) လုတာလည်းမဟုတ်ဘူး ” ဟုပြောသည်။
ယခုကဲ့သို့ ကျောင်းကားများ ပြေးဆွဲနေမှုကိုရပ်တန့်လိုက်ပါက ကျောင်းသား/သူများမှာ ကျောင်းချိန်နောက်ကျနိုင်ကြောင်း တက္ကသိုလ်ကျောင်းသူမချစ်စုမွန်က “ ကျောင်းသားကျောင်းသူတွေ အခက်ခဲဖြစ်လာနိုင်တာကတော့ တက္ကဆီနဲ့ဆွဲတာကတော့ အိမ်အရောက်ထိမလာနိုင်ဘူး။ ကျောင်းကားနဲ့ဆိုရင် ကျောင်းသားတွေစုပြီးလာရတော့ အဆင်ပြေပါတယ်။ အခုလိုဆိုရင် ကျောင်းသွားကျောင်းပြန်တွေ နောက်ကျမှာဖြစ်ပါတယ်၊ အဲဒီအခက်အခဲတွေရှိလာနိုင်တာပေါ့” ဟုပြောသည်။
ယခုလိုတက္ကသိုလ်ကား ပြဿနာမှာ ၂၀၁၆-၂၀၁၇ တွင်တစ်ခါဖြစ်ပွားခဲ့ကာတက္ကသိုလ်ပါမေက္ခချုပ်နှင့် အစိုးရအဖွဲ့ဝန်ကြီးများကဖြေရှင်းပေးခဲ့သည်ကြောင်းသိရသည်။
တက္ကသိုလ်ကြို၊ပို့ ယာဉ်လိုင်းမောင်းနှင်သူများအနေဖြင့် ၄င်းတို့အတွက် တက္ကသိုလ်ယာဉ်လိုင်းများကို ကြပ်ကြပ်မတ်မတ်ဖြင့် အဆင်ပြေရန် သီးခြားလုပ်ပေးရန်ဆန္ဒရှိနေကြပြီးအပြင်မှ သုံးဘီးဆိုင်ကယ်နှင့် အပြင်ကားများဝင်ရောက်မဆွဲရန် အစိုးရဘက်မှ ထိရောက်စွာဖြေရှင်းပေးရန် လိုအပ်ပြီးယင်းသို့ကြားဝင်ဖြေရှင်းမှုမပေးသရွေ့ ရပ်နားထားမည်ဖြစ်ကြောင်းလည်း ယာဉ်မောင်းများကပြောသည်။




