အောင်ကောင်းဇော် ၊DMG
စက်တင်ဘာလ ၂၉၊ စစ်တွေ
မာန်အောင်မြို့ လေယာဉ်ကွင်း တိုးချဲ့မြေတွင် ပါဝင်ခဲ့သူနှစ်ဦးအား အစိုးရပေးသော လျော်ကြေးငွေကို မယူလျှင် လယ်ယာမြေ ဥပဒေ ပုဒ်မ (၃၅)၊(၃၆) ဖြင့် တရားစွဲ ဆိုခံရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူး က စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတိပေးလိုက်သည်။
ဦးဖြူသီးခိုင်ကို အိမ်ခြံမြေ အပါအဝင် ၅၁ သိန်းကျပ် နှင့် ဦးတာနီကို အိမ်ခြံအပါအဝင် သိန်း ၁၀၀ ကျော် လျော်ကြေးပေးမည်ဟု အစိုးရက ပြောဆိုထားသည်။ သို့သော် ၎င်းတို့က သိန်း ၆၀၀ အထက်လျော်ကြေးငွေ (သို့မဟုတ် )ကျေးရွာအတွင်း ခြံမြေများ ပြန်လည်ဝယ်ပေးရန် တောင်းဆိုကြသည်။ ဦးဖြူသီးခိုင်မှာ မြေဧက ၀.၇၀ပိုင်ဆိုင်ပြီး ဦးတာနီမှာ မြေ ၀.၉၅ ဧက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
အဆိုပါ နှစ်ဦးမှာ အစိုးရပေးသော လျော်ကြေးငွေကို လက်မခံသောကြောင့် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် ထောင်ဒဏ် ၆ လကျခံခဲ့သည်။ သူတို့သည် စက်တင်ဘာ ၅ ရက်နေ့က ထောင်ဒဏ်ကျခံရာမှ လွတ်မြောက် လာသူများဖြစ်ပြီး လက်ရှိမှာ ထပ်မံတရားစွဲဆိုခံရမည့် အခြေအနေနှင့် ကြုံတွေ့နေရသူများဖြစ်သည်။
" အဲဒီနေ့က သူတို့ အရင်တုန်းက ပေးတဲ့လျှော်ကြေးငွေကို ယူရင်ယူ၊ မယူလို့ရှိရင် လယ်ယာမြေ ဥပဒေနဲ့ တရားစွဲဆိုသွားမယ်။ ပြီးရင် ကျနော်တို့ကို ထောင်ချမယ် ။ အိမ်တွေ ခြံတွေ ကိုသိမ်းမယ်လို့ အုပ်ချုပ်ရေးမှူးနဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်နုအောင် တို့က ခေါ်ယူပြောဆိုပါတယ်"ဟု သတိပေးခံရသူ ဦးဖြူသီးခိုင်က ပြောသည်။
အစိုးပေးသော လျော်ကြေးငွေမှာ အိုးအိမ်ထူထောင်ရန် လုံလောက်မှုမရှိသောကြောင့် လက်မခံခြင်းဟု ဆိုကြသည်။ ပြည်သူတင်မြှောက်ထားသော အစိုးရနှင့် လွှတ်တော်အမတ်များက ယခုကဲ့သို့ ပြည်သူလူထုကို ခေါ်ယူကာ ထပ်မံတရားစွဲဆိုမည်ဟု ပြောဆိုခြင်းမှာ တရားမျှတမှု မရှိဟု ဦးတာနီ၏သား ကိုသိန်းစိုးဝင်းက ဆိုသည်။
"အရင်ပေးတဲ့ငွေကို မယူတာက ကျနော်တို့အိုးအိမ် ပြန်ထူထေင်ဖို့ အဆင်မပြေလို့ မယူတာပါ။ အခုကတော့ဗျာ ပြည်သူတင်ပေးတဲ့ အစိုးရက ပြည်သူတင်မြောက်ထားတဲ့ကိုယ်စားလှယ်တွေက ခေါ်တယ်။ ခြိမ်းခြောက်တယ်။ ကျနော်တို့တွေကို အစိုးရပေးတဲ့ လျော်ကြေးငွေ မလုံလောက်ရင် အခြားက ချေးငှားပြီး ပြန်ဆောက်ပေါ့လို့ တောင်ပြောသေးတယ်။ ကျနော်တို့ မိဘတွေ သူတို့ပေးတာ မလုံလောက်လို့ အပြစ်ဒဏ်လည်း ကျခံပြီးပြီပဲ "ဟု ၎င်းက ပြောသည်။
၎င်းတို့နှစ်ဦးကို ဥပဒေအရ အရေးယူ၊ မယူကိစ္စနှင့်ပတ်သတ်ပြီး လာမည့် အောက်တိုဘာလ ၁ ရက်နေ့တွင် ပြန်လည် ချိန်းဆိုထားကြောင်း မာန်အောင်မြို့နယ် အုပ်ချုပ်ချုပ်ရေးမှူး ဦးမြင့်လှိုင်က DMG ကို ဆိုသည်။
“ကျနော်တို့ သူတို့ကို ၁၇ ရက်နေ့က ခေါ်ပြီးတော့ ပြောလိုက်တယ်။ ဒါက ကျနော်တို့ လုပ်ထုံးလုပ်နည်း ဥပဒေအရ ပြောတာ”ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ၎င်းတို့နှစ်ဦး လေယာဉ်ကွင်းတိုးချဲ့တွင် နေထိုင်လျက်ရှိပြီး ၎င်းတို့တောင်းသည့် လျော်ကြေး ငွေပမာဏကို ပေးလျှင် ယင်းနေရာက ပြောင်းရွှေ့မည်ဟု ဆိုကြသည်။




