အောင်ကောင်းဇော်၊ DMG
အောက်တိုဘာ ၁၊စစ်တွေ
မာန်အောင်မြို့ လေယာဉ်ကွင်း တိုးချဲ့မြေတွင် ပါဝင်ခဲ့သူနှစ်ဦးအား အစိုးရပေးသော လျော်ကြေးငွေကို ယူ၊ မယူ ကိစ္စနှင့်ပတ်သတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ချိန်းဆိုထားသော်လည်း လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်နှင့် ဌာနဆိုင်ရာများ မရောက်လာသောကြောင့် အစည်းအဝေး မဖြစ်မြောက်ခဲ့ပေ။
လေယာဉ်ကွင်း တိုးချဲ့မြေတွင် ပါဝင်ခဲ့သည့် ဦးဖြူသီးခိုင်နှင့် ဦးတာနီတို့ကို အစိုးရပေးသော လျော်ကြေးငွေအား မယူလျှင် လယ်ယာမြေ ဥပဒေ ပုဒ်မ (၃၅)၊(၃၆) ဖြင့် တရားစွဲ ဆိုခံရမည်ဟု မြို့နယ်အုပ်ချုပ်ရေးမှူးက စက်တင်ဘာလ ၂၇ ရက်နေ့တွင် သတိပေးလိုက်သည်။
ယင်းနောက်တွင် လျော်ကြေးငွေကိစ္စနှင့် ပတ်သတ်ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်တို့က နှစ်ဦးနှစ်ဖက် သဘောထားများကို သိရှိရန်အတွက် အောက်တိုဘာလ ၁ ရက်နေ့တွင် ချိန်းဆိုခဲ့ခြင်းဟု လျော်ကြေးငွေယူရန် ငြင်းဆန်နေသူ ဦးဖြူသီးခိုင်က ပြောသည်။
" ကျနော်တို့လည်း သူတို့ သဘောထားကိုသိချင်တယ် ။ကျနော်တို့သဘောထားကိုလည်း ပြောပြချင်တယ်။ ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ကျန်တဲ့ ဒေသအာဏာပိုင် တစ်ဦးတစ်ယောက်မှ မရှိဘူး။ မြို့နယ် အုပ်ချုပ် ရေးမှူး တစ်ယောက်ပဲရှိတယ် ။ ကျနော်တို့ကို ခေါ်တာက လွှတ်တော်ကိုယ်စားလှယ်နဲ့ မြို့နယ်အုပ်ချုပ်ရေးမှူး ခေါ်လိုက်တာ။ လွှတ်တော် ကိုယ်စားလှယ် မရောက်တော့ ဘာအဖြေမှ မသိခဲ့ရဘူး ။”ဟု ပြောသည်။
မာန်အောင်မြို့ လေယာဉ်ကွင်း တိုးချဲ့မြေတွင် ပါဝင်ခဲ့သည့် ဦးဖြူသီးခိုင်ကို အိမ်ခြံမြေ အပါအဝင် ၅၁ သိန်းကျပ်နှင့် ဦးတာနီကို အိမ်ခြံမြေ အပါအဝင် သိန်း ၁၀၀ ကျော် လျော်ကြေးပေးရန် အစိုးရက ပြောဆိုထားသည်။သို့သော် ၎င်းတို့က သိန်း ၆၀၀ အထက်လျော်ကြေးငွေ (သို့မဟုတ် )ကျေးရွာအတွင်း ခြံမြေများ ပြန်လည် ဝယ်ပေးရန် တောင်းဆိုကြသည်။ ဦးဖြူသီးခိုင်မှာ မြေဧက ၀.၇၀ပိုင်ဆိုင်ပြီး ဦးတာနီမှာ မြေ ၀.၉၅ ဧက ပိုင်ဆိုင်ထားခြင်းဖြစ်သည်။
အဆိုပါ နှစ်ဦးမှာ အစိုးရပေးသော လျော်ကြေးငွေကို လက်မခံသောကြောင့် လယ်ယာမြေ ဥပဒေ ပုဒ်မ ၃၅ ဖြင့် ထောင်ဒဏ် ၆ လ ကျခံခဲ့သည်။ သူတို့သည် စက်တင်ဘာ ၅ ရက်နေ့က ထောင်ဒဏ်ကျခံရာမှ လွတ်မြောက် လာသူများဖြစ်ပြီး အစိုးရလျော်ကြေးငွေကို မယူသောကြောင့် တရားစွဲဆိုမည်ဟု မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးတင်နုအောင်တို့၏ သတိပေးခြင်းကို ခံနေရသူများဖြစ်သည်။
အစိုးပေးသော လျော်ကြေးငွေမှာ အိုးအိမ်ထူထောင်ရန် လုံလောက်မှုမရှိသောကြောင့် လက်မခံခြင်းဟု ဆိုကြသည်။ လက်ရှိတွင် ၎င်းတို့နှစ်ဦးသည် လေယာဉ်ကွင်းတိုးချဲ့မြေတွင် နေထိုင်လျက်ရှိပြီး ၎င်းတို့ တောင်းသည့် လျော်ကြေး ငွေပမာဏကို ပေးလျှင် ယင်းနေရာက ပြောင်းရွှေ့မည်ဟု ဆိုကြသည်။
အစည်းအဝေးခေါ်ဆိုထားခြင်းနှင့်ပတ်သတ်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးတင်နုအောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။




