နေရောင်မင်း၊DMG

အောက်တိုဘာလ ၁၁၊စစ်တွေ

အဖရခိုင်ပါတီကို ရခိုင့်ဦးဆောင်ပါတီအဖြစ် အောက်တိုဘာလ ၁၁ ရက်နေ့တွင်  ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ပါတီတည်ထောင်ခွင့်ပြုလိုက်ပြီဟု ပါတီတည်ထောင်လိုသူများ၏ ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောသည်။

ပါတီတည်ထောင်သည့်အခါ နိုင်ငံရေးပါတီများ၊မှတ်ပုံတင်ခြင်းဥပဒေပါ ပြဌာန်းချက်များ လိုက်နာရန်နှင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းနည်းဥပဒေ  ၆ နှင့်အညီ ခေါင်းဆောင် တစ်ဦးနှင့် ဒုတိယ ခေါင်းဆောင် တစ်ဦးတို့ကို အမြန်ဆုံး ရွေးချယ်ပြီး ကော်မရှင်သို့ လာရောက်တင်ပြရမည်ဟု ပါတီတည်ထောင်ခွင့် ခွင့်ပြုစာမှာဖော်ပြထားသည်။

 ယင်းပါတီကို မိမိဦးဆောင်ခြင်းဟု  ဖမ်းဆီးခံထားရသည့် ဒေါက်တာအေးမောင်က စက်တင်ဘာလ ၁၄ရက်နေ့က ပြောခဲ့သည်။

ယင်းနှင့်ပတ်သတ်ပြီး ဦးစိုးဝင်းက “သူ(ဒေါက်တာအေးမောင်)ကတော့ စာရင်းမှာတော့ မပါဘူး။ ဒါပေမယ့် သူပြောတာတော့ ဟုတ်တာပေါ့ ”ဟုဆိုသည်။

ဒေါက်တာအေးမောင်သည် ရခိုင်အမျိုးသားပါတီ(ANP) ဥက္ကဌ တာဝန်က နုတ်ထွက်ကြောင်း တင်ပြထားသော်လည်း ANP က နုတ်ထွက်ခွင့်မပေးသေ။

ရွေးကောက်ပွဲကော်မရှင်ကို တင်ပြရန်အတွက် ခေါင်းဆောင်တစ်ဦးနှင့် ဒုတိယ ခေါင်းဆောင် တစ်ဦးကို ယခုလအတွင်းရွေးချယ်မည်ဟု ဦးစိုးဝင်းက ဆိုသည်။

ရခိုင့်ဦးဆောင်ပါတီမှာ ယခင်က အဖရခိုင်ပါတီအမည်ဖြင့် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြခဲ့ရာ “အဖ” ဟူသည့် စကားလုံးပါဝင်နေသောကြောင့် ကော်မရှင်က ခွင့်မပြုခဲ့ပေ။ ယင်းနောက်ပိုင်းတွင် ရခိုင့်ဦးဆောင်ပါတီအမည်သစ်ဖြင့် လျှောက်ခဲ့သောကြောင့် ပါတီတည်ထောင်ခွင့် ရရှိလာခြင်းဖြစ်သည်။

အဆိုပါ ရခိုင့်ဦးဆောင်ပါတီ၏ ဦးဆောင်သူများထဲတွင် ဒေါက်တာအေးမောင်သား ဦးတင်မောင်ဝင်း လည်း ပါဝင်ပြီး ယခုလာမည့် ရသေ့တောင်မြို့နယ်  ကြားဖြတ်ရွေးကောက်ပွဲတွင် တစ်သီးပုဂ္ဂလိက အမတ်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်မည်ဖြစ်သည်။၎င်းသည် ပါတီတည်ထောင်ခွင့်မရရှိသောကြောင့် တသီးပုဂ္ဂလဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်သည်။