" ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကလည်း အဖေအမည် ၊ အမေ အမည်ပါလို့ ခွင့်ပြုချက်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အဖရခိုင်ပါတီအမည်နဲ့ ဆက်ပြီးတော့တင်ရင်လည်း မရနိုင်တော့ဘူး။ ကျွန်တော်တို့ ပါတီတည်ထောင်သူတွေ အစည်းအဝေးလုပ်ပြီး ပါတီအမည် အသစ်တစ်ခု လုပ်ရုံမှလွဲပြီး ဘာအခွင့်အရေးမှ မရှိတော့ပါဘူး”

မင်းထွန်း၊ DMG
စက်တင်ဘာ ၁၁၊ စစ်တွေ
ရခိုင်ပြည်နယ်၏ နိုင်ငံရေးပါတီအဖြစ်ရပ်တည်လာမည့် အဖရခိုင်ပါတီကို ပါတီအမည်နှင့်ပတ်သတ်ပြီး ရွေးကောက်ပွဲကော်မရှင်က လက်မခံသောကြောင့် အခြားအမည်တစ်ခုဖြင့် ပြောင်းလဲ လျှောက်သွားမည်ဟု ပါတီဦးဆောင်သူများက ပြောသည်။
ရွေးကောက်ပွဲကော်မရှင်အနေဖြင့် ယင်းပါတီတွင် “အဖ”ဟူသည့် စကားလုံးပါဝင်နေသောကြောင့် လက်ခံခြင်း မပြုခဲ့ပေ။ယင်းကြောင့် တခြားအမည်တစ်ခုပြောင်းကာ ကော်မရှင်သို့ စက်တင်ဘာလမကုန်မီ လျှောက်မည်ဟု ပါတီဦးဆောင်သူ တစ်ဦးဖြစ်သည့် ဦးစိုးဝင်းက ပြောသည်။
“ပါတီအမည်သစ်ကို လျှောက်မည့်ရက်ကို အတိအကျမသိရသေးပါဘူး။ ဒါပေမဲ့ ဒီိလမကုန်မီ တင်ဖြစ်နိုင်ပါတယ်။ပါတီအမည်သစ်မှာတော့ ’’ရခိုင်’’ဆိုတဲ့ စကားလုံးပါမယ်”ဟု၎င်းက ပြောသည်။
ပါတီတည်ထောင်သူများသည် အဖရခိုင်ပါတီဟူသည့် အမည်ကို သဘောကျကြသော်လည်း ရွေးကောက်ပွဲ ကော်မရှင်၏ သတိပေးမှုကို မလွန်ဆန်နိုင်သောကြောင့် ပါတီအမည်အသစ်ပြောင်းလိုက်ရခြင်း ဖြစ်သည်ဟု ပါတီတည်ထောင်လိုသူများက ဆိုကြသည်။
’’ ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌကလည်း အဖေအမည် ၊ အမေ အမည်ပါလို့ ခွင့်ပြုချက်မပေးနိုင်ဘူးလို့ ပြောပါတယ်။ အဖရခိုင်ပါတီအမည်နဲ့ ဆက်ပြီးတော့တင်ရင်လည်း မရနိုင်တော့ဘူး။ ကျွန်တော်တို့ ပါတီတည်ထောင်သူတွေ အစည်းအဝေးလုပ်ပြီး ပါတီအမည် အသစ်တစ်ခု လုပ်ရုံမှလွဲပြီး ဘာအခွင့်အရေးမှ မရှိတော့ပါဘူး။ ” ဟု ဦးစိုးဝင်းက ပြောသည်။
အဖရခိုင်ပါတီ တည်ထောင်ခွင့်ကို ဖေဖော်ဝါရီလအတွင်းက လျှောက်ထားခဲ့ခြင်းဖြစ်ပြီး ကော်မရှင်က အဖမည်ပါသောကြောင့် လက်ခံခြင်းမပြုဘဲ ပါတီတည်ထောင်လိုသူများကို သြဂုတ်လ ၃၁ ရက်နေ့က ခေါ်ယူသတိပေးခဲ့သည်။
အဖရခိုင်ပါတီကို ဦးဆောင်တည်ထောင်သူထဲမှာ ဒေါက်တာအေးမောင်၏သား ဦးတင်မောင်ဝင်းလည်း အပါအဝင် တစ်ဦးဖြစ်သည်။ ၎င်းသည် ပါတီခွင့်ပြုချက် မကျသေးသောကြောင့် ရသေ့တောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၂) တွင် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။




