(ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့လည်က အင်းဒင်သုဿာန်၌ တူးဖော်တွေ့ရှိခဲ့သည့် အမည်အသိရုပ်အလောင်းများ။ ဓါတ်ပုံ - ချလူးအောင်၊ DMG)

ဒီဇင်ဘာလ ၂၀ ရက်၊ ၂၀၁၇ ခုနှစ်။   ။   မောင်တောမြို့နယ် အင်းဒင်ကျေးရွာ သုဿာန်၌ တွေ့ရှိသည့် အမည်မသိရုပ်အလောင်းများနှင့် ပတ်သက်ပြီး အင်းဒင်ကျေးရွာမှ ပါဝင်ပတ်သည်ဟု ယူဆရသူများကို သက်ဆိုင်ရာ ရဲနှင့် စရဖ များမှ ဖမ်းဆီးခေါ်ဆောင်မှုများ ရှိနေကြောင်း အဆိုပါကျေးရွာသားများက DMG သို့ ပြောသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့က အင်းဒင်ကျေးရွာမှ ဦးချစ်ထွန်း၏သား အသက် ၄၈ နှစ်ရှိသည့် ဦးမောင်ဝင်းဖြူအား သက်ဆိုင်ရာအာဏာပိုင်များက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဦးမောင်ဝင်းဖြူ၏ဇနီး ဒေါ်မအေးနွယ်က ပြောသည်။

“ ကျွန်မမှာ အခုထိ ယောက်ျားနောက်ကို မလိုက်နိုင်​​သေးပါ။ အိမ်မှာ ကလေးတစ်​​ယေက်မှ မရှိဘူး။ ကျွန်မ ယောက်ျားက ရိုးသားစွာ လယ်ယာလုပ်ကိုင်စားသောက်သူပါ။ ဘာအပြစ်မှ မရှိနိုင်ပါဘူး။ " ဟု ပြောသည်။

မနေ့က ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း အင်းဒင်ကျေးရွာသားအချို့ကို လိုက်လံဖမ်းဆီးနေသော်လည်း ရွာသားအချို့မှာ ရှာမတွေ့ကြောင်း ရပ်မိရပ်ဖတစ်ဦးဖြစ်သည့် ဦးထွန်းမောင် (အမည်လွှဲ) က DMG သို့ ပြောသည်။

“ အခု အလောင်​​တွေတွေ့ရှိတဲ့ ကိစ္စနဲ့ပတ်သတ်ပြီး အခု အင်းဒင်​​ကျေးရွာက လူတွေ အကြောက်တရားစိုးမိုးနေကြပါတယ်။ တစ်ချို့ဆို နေရပ်စွန့်ခွာမူတွေတောင်ရှိလာနေကြပါပြီ။ ဒါက အလွန်စိုးရိမ်စရာ အခြေအနေပါ။ ” ဟု ပြောသည်။

ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခေါ်ဆောင်ခြင်းခံခဲ့ရသည့် ခွဆုံကျေးရွာမှ ကျောင်းအုပ်ကြီး ဦးအောင်သိန်းဖြူနှင့် မောင်တောတောင်ပိုင်းတာဝန်ခံ ဒုပညာရေးမှူး ဦးမြင့်စိုးတို့မှာ ပြန်လည်လွတ်မြောက်လာပြီ မောင်တောမြို့နယ် ပညာရေးမှူး ဦးခင်အောင်က ပြောနေသော်လည်း ယခုအချိန်ထိ အင်းဒင်ကျေးရွာသို့ ပြန်မရောက်သေးကြောင်း၊ ယင်းအပြင် ဖုန်းဖြင့်သာ အဆက်သွယ်ရရှိသေးကြောင်း မိသားစုဝင်များထံမှ သိရသည်။

အင်းဒင်ကျေးရွာ သုဿာန်၌ သတ်ဖြတ်မြှုပ်နှံထားသည့် လူများရှိကြောင်း ဒီဇင်ဘာလ ၁၈ ရက်နေ့က အမည်မဖော်လူသူတစ်ဦး သတင်းပေးပို့ချက်အရ မောင်တောခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးရဲထွဋ် ဦးဆောင်ပြီး မြို့နယ်တရားသူကြီး ဦးဇော်ဇော်သန်း၊ အင်းဒင်ရဲစခန်းမှ ရဲအုပ်အေးမင်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ကျော်မောင်မောင်သိန်း၊ လက်ထောက်ဆရာဝန် ဒေါက်တာ မြတ်ထွန်းခိုင်တို့ ပါဝင်သောအဖွဲ့ဖြင့် ဒီဇင်ဘာလ ၁၉ ရက် နေ့လည် ၂ နာရီက စတင်တူးဖော်ကြရာ  မည်သူမည်ဝါမခွဲခြားနိုင်သော ရုပ်အလောင်း ၁၀  လောင်းအား တွေ့ရှိခဲ့သည်။

အဆိုပါ အလောင်းနှင့် ပတ်သက်ပြီး ဖြစ်စဉ်နှင့် အမှုမှန်ပေါ်နိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများမှ စုံစမ်းဆေးလျှက်ရှိနေကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

Author: ချလူးအောင်