
ခိုင်မင်း(ကျောက်ဖြူ) / DMG
ဖေဖော်ဝါရီလ ၈ ၊ ကျောက်ဖြူ
အမ်းမြို့နယ်မှ စစ်ဘေးရှောင်ကူညီကယ်ဆယ်ရေးအဖွဲ့အား တားမြစ်ခဲ့ခြင်းမရှိကြောင်း အမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုမြတ်က ပြောသည်။
“ကယ်ဆယ်ရေးသွားမဲ့ကားက အမ်းမြို့နယ်ကကားပါ၊ ဆရာတော်တွေလည်း အမ်းကဆရာတော်တွေပါ၊ သွားတဲ့အချိန်ကလည်း ည(၈)နာရီရောက်နေပြီ၊ လမ်းမှာတစ်စုံတစ်ခု ဖြစ်မှာစိုးလို့ မနက်မှကြွပါဆိုပြီးတော့ မေတ္တာရပ်ခံတာပဲရှိတယ်၊ တားတာ တစ်ခုမှမရှိဘူး သွားပါစေ” ဟု ဦးကိုကိုမြတ်က ဆိုသည်။
စစ်ဘေးရှောင်များအား အကူအညီပေးရန်သွားရောက်သည့် အမ်းမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့အား ဖေဖော်ဝါရီလ ၇ ရက်နေ့ ည ၅ နာရီအချိန်က အမ်းမြို့မှအထွက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးမှ ဖုန်းခေါ် ဆိုပြီး မသွားရန်တားမြစ်ခဲ့ကြောင်း ၎င်းကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။
၎င်းကယ်ဆယ်ရေးအဖွဲ့တွင်ပါဝင်သည့် မြတန်းဆောင်းဆရာတော်က “အမ်းမြို့ကအထွက် စစ်တပ်အနီး ဦးကျော်ဝင်းထမင်းဆိုင်ဆိုတာရှိတယ်၊ အဲဒီထမင်းဆိုင်ရှေ့အရောက်မှာ အုပ်ချုပ်ရေးမှူးဆီကဖုန်းလာတယ်၊ ဒီနေ့ မသွားဖို့ပေါ့ ” ဟု မိန့်သည်။
ထိုနောက်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့ကြ၍ ပြန်လည်အဆင်ပြေ သွားခဲ့ကြောင်း သိရသည်။
ယနေ့ ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ၎င်းကယ်ဆယ်ရေးအဖွဲ့သည် အမ်းမြို့နယ်မှ ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်စခန်းသို့ သွားရောက်ပြီး ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်လျက်ရှိကြောင်း သိရသည်။
အမ်းမြို့နယ် စစ်ဘေးရှောင်ကူညီရေးအဖွဲ့တွင် ဆရာတော် ၇ ပါးခန့်နှင့် လူငယ် ၁၀ ဦးခန့်တို့ဖြင့် ကယ်ဆယ်ရေးပစ္စည်းများအား သွားရောက်ကူညီပေးခြင်းဖြစ်ကြောင်း သိရသည်။




