
ခိုင်မင်း(ကျောက်ဖြူ)/DMG
အောက်တိုဘာ ၈၊ အမ်း
အမ်းမြို့နယ် တောင်စောက်ကျေးရွာအနီး အမ်း-မင်းဘူး ကားလမ်း မိုင်တိုင်အမှတ် (၈၂/၁) ဖါလုံတွင် ကုန်တင်ယာဉ်တစ်စီးသည် အောက်တိုဘာလ(၇)ရက် နေ့လည် ၁ နာရီ အချိန်တွင် ပေ(၂၀၀)ခန့်အနက်ရှိ ချောက်ထဲထိုးကျမှုကြောင့် ယာဉ်မောင်းမှာ သေဆုံးခဲ့ကြောင်း အမ်းမြို့နယ်ယာဉ်ထိန်းရုံးက သိရသည်။
အဆိုပါကုန်တင်ယာဉ်မှာ ယာဉ်မောင်း သန်းဌေးဝင်း(ခ) ပေါက်စ၊ အမှတ်(၂)ရပ်ကွက်၊ တပ်တောင်မြို့နေသူ မောင်းနှင်ပြီး ၊ယာဉ်နောက်လိုက် ညီဖြစ်သူ ကိုတင်ထွေးပါနှစ်ဦးတို့ မောင်းနှင်လာသော ယာဉ်အမှတ် B1/7394 LIGHT TRUCK ကင်တာ(အဖြူရောင်) (၆)ဘီးယာဉ်ဖြစ်သည်။ ယင်းကားသည် အမ်း-မင်းဘူး ကားလမ်းအတိုင်း မောင်းနှင်လာပြီး တောင်စောက်ကျေးရွာအနီး မိုင်တိုင်အမှတ်(၈၂/၁)ဖာလုံအရောက် တောင်အတက်တွင် ဂီယာမ၀င်၍ နောက်ပြန်လျှောကျရာမှ ကားလမ်း၏ညာဘက်ပေ(၂၀၀)ခန့်အနက်ရှိ ချောက်ထဲသို့ ပြုတ်ကျပြီး ယာဉ်မောင်းမှာ သေဆုံးသွားခဲ့သည်။
ညီဖြစ်သူ ယာဉ်နောက်လိုက်မှာ ပြင်းထန်စွာဒဏ်ရာရရှိသွားသောကြောင့် အမ်းမြို့နယ်ပြည်သူ့ဆေးရုံသို့ အတွင်းလူနာ(စိုးရိမ်ရ)အဖြစ် တက်ရောက်ကုသလျက်ရှိကြောင်း သိရသည်။ ယာဉ်မောင်းအား ယာဉ်မဆင်မခြင် မောင်းနှင်မှုဖြင့် ပုဒ်မ၃၀၄-က/၃၃၈ အရအမှုဖွင့်လှစ်ထားကြောင်း အမ်းမြို့နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့မှ သိရသည်။




