(ဇွန်လ ၆ ရက်နေ့က မဲလက်မောင်းကျေးရွာတွင် တွေ့ရှိခဲ့သည့် ကျည်ဆံနှင့် လက်ပစ်ဗုံးအဟောင်းများ။ ဓါတ်ပုံ- ကောင်းကောင်း/DMG)

ဇွန်လ ၈ ရက်၊ ၂၀၁၇ ခုနှစ်၊ အမ်းမြို့ (DMG) ။    ။   ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ မဲလက်မောင်းကျေးရွာတွင် မေလ ၆ ရက်နေ့ နေ့လည် ၃ နာရီကျာ်အချိန်က နေအိမ်ခြံစည်ရိုးတူးရာမှ ကျည်ဆံနှင့် လက်ပစ်ဗုံးအဟောင်းများ တွေ့ရှိခဲ့သည်မှာ ဟုတ်မှန်ကြောင်း အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြုပြောကြားသည်။

"ကျည်ဆံတွေနဲ့ လက်ပစ်ဗုံးအဟောင်းတွေ တွေ့တယ်ဆိုတာ ဟုတ်ပါတယ်။ ဖြစ်စဉ်ကတော့ ဇွန်လ ၆ ရက်နေ့ ၃ နာရီခွဲအချိန်က အမ်းမြို့နယ်၊ အောက်ရွာအုပ်စု၊ အောက်ရွာနေ ဦးမောင်သန်းတိုး(ဘ) ဦးမောင်ကြည်၊ အသက် ၃၃ နှစ် ရခိုင် ဗုဒ္ဓ ကျပန်းလုပ်သူမှ မဲလက်မောင်းကျေးရွာအုပ်စု၊ မဲလက်မောင်းကျေးရွာအနီး အမ်း - စစ်တွေ ကားလမ်းဘေး မိုင်တိုင်အမှတ် ၁၇ မိုင် ၁ ဖာလုံ နဲ့ ၁၇ မိုင် ၂ ဖာလုံကြားရှိ အိမ်ခြံစည်ရိုးတိုင်များ တူးဖော်စဉ် လက်ပစ်ဗုံး ၂ လုံးနဲ့ သေနတ်ကျည်ဆံများတွေ့ရှိရာ မဲလက်မောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဝေလင်းအား သတင်းပို့ခဲ့ပါတယ်။ " ဟု အမ်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ကျရဲအရာရှိတစ်ဦးက DMG သို့ အတည်ပြု ပြောကြားသည်။

ယင်းတွေ့ရှိချက်ကို မဲလက်မောင်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝေလင်းမှတဆင့် ကဇုန်းကိုင်းရဲမှူး ရဲအုပ်မောင်မောင်လှိုင်ထံ သတင်းပို့ပြီး ရဲအုပ်မောင်မောင်လှိုင်ပါ ၃ ဦး စစ်ဖက်ရေးရာလုံခြုံရေး (စရဖ)မှ တပ်ကြပ်ဝင်စိုး၊ မဲလက်မောင်ရွာ ပြည်သူ့စစ် ခေါင်းဆောင် ဦးတင်ရွှေနှင့် မဲလက်မောင်းကျေးရွာ အုပ်ချုပ်ရေးမှူးတို့ သွားရောက် စစ်ဆေးခဲ့ရာ  အမှတ် ၃၆ လက်ပစ်ဗုံး ၂ လုံးနဲ့ ဒသမသုံးသုညသုံး ( .၃၀၃) ကျည်ဆံသုံးတောင့်တို့ကို  တွေ့ရှိခဲ့ကြောင်းသိရသည်။

“ အမှတ် ၉၁၉ စစ်မြေပြင် အင်ဂျင်နီယာတပ်ရင်း မိုင်းရှင်းလင်းရေးတပ်ဖွဲ့နဲ့ စစ်လက်နက်ပစ္စည်းတပ်ခွဲ အမှတ် ၃၄၅ တို့ကို ဆက်လက်သတင်းပို့ခဲ့ကြပါတယ်။ စစ်လက်နက်ပစ္စည်းတပ်ခွဲအမှတ် ၃၄၅ မှ ဗိုလ်ကြီးသီဟထွန်းပါဦးစီး ၃ သုံးဦး၊ ၉၁၉ မှ ဗိုလ်ဇော်လင်းထက်ပါ ၄ ဦးတို့  ညနေ ၅ နာရီ ၁၅ မိနစ်မှာ ရောက်လာပါတယ်။ ညနေ ၅ နာရီခွဲကနေ ၆ နာရီခွဲထိ လာရောက်ရှာဖွေတော့ ပျက်စီးနေတဲ့ ၃၆ လက်ပစ်ဗုံး ၄ လုံး ပျက်စီးနေတဲ့ ဒသမ ၃၀၃ ကျည် ၂၉၇ တောင့် တစစီပျက်စီးနေတဲ့ ဒသမ ၃၀၃ ကျည် ၁၈၃ တောင့်နဲ့ တစစီပျက်စီးနေတဲ့ အမေရိကန်နိုင်ငံလုပ် WRA အမျိုးအစား ၉ မမ ကျည် ၈ တောင့်တို့ကို တွေ့ရှိခဲ့ကြပါတယ်။ " ဟု သူက ဆက်ပြောသည်။

အဆိုပါ ကျည်နှင့် လက်ပစ်ဗုံးများကို ဖျက်ဆီးရန်အတွက် အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာ
မိုင်းရှင်းလင်းရေးတပ်ဖွဲ့မှ ဗိုလ်ဇော်လင်းထက်က တပ်သို့သိမ်းဆည်းယူဆောင်သွား ကြောင်းနှင့် အမ်းမြို့နယ်တွင် ယခင်နှစ်ကလည်း ယခုလိုတွေ့ရှိခဲ့ဖူးကြောင်း သိရသည်။

 

 

Author: ကောင်းကောင်း