
(ရခိုင်အမျိုးသားပါတီအတွင်း ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က မြောက်ဦးမြို့နယ် ရပ်/ကျေးမှ ပါတီဝင်များအားလုံးပါဝင်သည့် မျက်နှာစုံအစည်းအဝေး ပြုလုပ်ခဲ့ကြစဉ်။ ဓါတ်ပုံ - ပျံလွှား၊ DMG)
သြဂုတ်လ (၁) ရက်၊ ၂၀၁၈ ခုနှစ်၊ ခင်သရဖီဦး/DMG
ရခိုင်ပြည်နှင့် ရခိုင်လူမျိုးများအတွက် အမျိုးသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်ရန် ရခိုင်အမျိုးသားပါတီ (ANP) တွင် မြို့နယ်ပေါင်းစုံမှ လူငယ်များ မျက်နှာစုံအစည်းအဝေးတစ်ခုကို ကျောက်တော်မြို့၌ ယခုလ ၁၁ ရက်နှင့် ၁၂ ရက်တို့တွင် ကျင်းပပြုလုပ်မည်ဟု သိရသည်။
“ ကျနော်တို့ (ANP) အဖွဲ့က လူငယ်တွေ မျက်နှာစုံညီ အဖွဲ့တစ်ခုလုပ်မယ်။ ဘာကြောင်းလဲဆိုတော ကျနော်တို့ ရခိုင်အမျိုးသားပါတီက ဖွဲ့စည်းပုံမှာပါထားပြီးသာပေါ့။ ရခိုင်ပြည်နဲ့ ရခိုင်အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်ရန်အတွက် လူတန်းစားလွှာအသီးသီးဖြစ်တဲ့ လယ်သမားတွေ အလုပ်သမားတွေနဲ့ လူငယ်တွေရဲ့ ခွန်းအားကို မြင့်တင့်ပေးချင်းတာပါ။ ” ဟု ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။
အဆိုပါ လူငယ်များ မျက်နှာစုံညီအစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၏ ရည်ရွယ်ချက်၊ မူဝါဒများနှင့်အညီ ရခိုင်ပြည်နယ်၏ လူမှုဘဝမြှင့်တင်ရေးအတွက် စိတ်ကူးစိတ်သန်းများကို ဆွေးနွေးကာ အကောင်အထည်ဖော်ရန် မူဝါဒများ ချမှတ်သွားမည်ဟု ဦးထွန်းအောင်ကျော်က ပြောသည်။
“ လူငယ်တွေနဲ့ ဆွေးနွေးပြီးတော သူတို့ရဲ့အမြင်တွေကိုတောင်းခံပြီးတော့ ခေါင်းစဉ်တွေပေါ်လာမယ်ပေါ့။ အဲခေါင်းစဉ်တွေမှာ အဲဒါနဲ့ပတ်သတ်ပြီး ထပ်ပြီးတော့ အစီစဉ်တွေ ဆက်ပြီးလုပ်မယ်ပေါ့။ ” ၄င်းက ပြောသည်။
ရခိုင်အမျိုးသားပါတီ၏ လူငယ်မျက်နှာစုံညီအစည်းအဝေးသို့ တစ်မြို့နယ်မှ ပါတီဝင် လူငယ် ၃ ဦးစီဖိတ်ကြားထားကြောင်း ဖိတ်ကြားစာအရ သိရသည်။
လူငယ်များကို ရွေးချယ်ရာတွင်လည်း အသက် ၃၅ နှစ်သတ်မှတ်ထားပြီး ပါတီတွင် အမှန်တကယ် တက်တက်ကြွကြွလုပ်ဆောင်နေသူများကို စေလွှတ်ရန် ရခိုင်အမျိုးသားပါတီမှ ညွှန်ကြားထားသည်။




