ချလူးအောင်၊ DMG

အောက်တိုဘာလ ၁၀ ၊ မောင်တော

မောင်တောမြို့"ဒေဝါနဒီ"ခန်းမတွင် ရခိုင်အမျိုးသမီးများနှင့် ဘင်္ဂါလီအမျိုးသမီးများ တွေ့ဆုံ၍ အမျိုးသမီးများ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကိစ္စများကို အောက်တိုဘာ (၉)နေ့မှ (၁၀)ရက် (၂)ရက်နေ့ အထိ ဆွေးနွေးပွဲ ပြုလုပ်နေကြသည်။

ပဋိပက္ခနှင့် မတည်ငြိမ်မှုနယ်မြေတွင်ရှိသည့် အမျိုးသမီးများအနေဖြင့် ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲ နေထိုင်ရေးနှင့် လူမှုသဟဇာတဖြစ်မှုကို မြှင့်တင်ပေးနိုင်ရန် နှစ်ဖက်အမျိုးသမီးများ လွတ်လပ်စွာ တွေ့ဆုံနိုင်ရန် ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြစ်သည် ဟု ဆွေးနွေးပွဲဦးဆောင်ပြုလုပ်သည့် CDNHအဖွဲ့က ဒေါ်ယဉ်မြတ်ဦးက ဆိုသည်။

“ပဋိပက္ခနဲ့မတည်ငြိမ်မှုတွေကြားကမတူကွဲပြားတဲ့အမျိုးသမီးတွေငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးအပါအဝင်အမျိုးသမီးများပုံမှန်ဝင်ငွေရရှိအောင်သက်မွေးဝမ်းကျောင်းပညာသင်ကြားနိုင်ရေး၊ဒေသအတွင်း လူမူသဟဇာတ ဖြစ်မူကိုမြှင့်တင်ပေးနိုင်ဖို့နဲ့ နှစ်ဖက်အမျိုးသမီးတွေ လွတ်လပ်စွာတွေ့ဆုံခြင်း အမြင်ချင်းဖလှယ်ခြင်း ပူးပေါင်း တိုင်ပင်ခြင်းတွေ ကိုပြုလုပ်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပရတာဖြစ်တယ်” ဟု ဦးဆောင်ကျင်းပသူ မောင်တောမြို့မှ ဒေါ်ယဉ်မြတ်ဦး ကပြောသည်။

မြန်မာ့ငြိမ်ချမ်းရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပိုမိုပါဝင်လာနိုင်ရေးနှင့် အမျိုးသမီးများအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့် တိုက်ရိုက်ချိတ်ဆက်မူများ ပိုမိုဆောင်ရွက်နိုင်ရေး၊ အမျိုးသမီးများ ၀င်ငွေ တိုးတက်စေရေးအတွက် ဒေသထွက်ကုန်များကို အခြေခံသော ဈေးကွက်ဝင် ကုန်ချောများ ထုတ်လုပ်နိုင်ရန် အသက်မွေးဝမ်းကျောင်းဆိုင်ရာ သင်တန်းများကို အဆက်မပြတ် ပို့ချပေးခြင်းဖြင့် အမျိုးသမီးများ၏ဘ၀ ပိုမိုမြှင့်တင်ပေးရေးတို့ကိုလည်း ဆွေးနွေးနေကြသည်။ 

ယင်းအပြင် အမျိုးသမီးများ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းဖြင့် လူကုန်ကူးမှုများနှင့် အမျိုးသမီးများ အပေါ် အကြမ်းဖက်မူများကို တိုက်ဖျက်ရေး၊ မိခင်နှင့်ကလေး ကျန်းမာရေးစောင့်ရှောက်မှုအခန်းကဏ္ဍကို မြင့်တင်ပေးခြင်းဖြင့် လူထု ကျန်းမာရေးအသိပညာများ မြင့်မားလာစေရေး၊ Woman Center များ တည်ဆောက်ပေးခြင်းကြောင့် ရရှိလာနိုင်မည့် အကျိုးကျေးဇူးများနှင့် Woman Center များအား ဒေသတွင်းအလိုက် တည်ဆောက်ပေးရေး စသည်တို့ကို ဆွေးနွေးကြသည်။

အဆိုပါ အမျိုးသမီးများ တွေ့ဆုံဆွေးနွေးပွဲသည် မောင်တောမြို့တွင် ပထမဆုံးအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး ရခိုင်နှင့်ဘင်္ဂါလီ  အမျိုးသမီး ၆၀ ခန့်တက်ရောက်ဆွေးနွေးနေကြသည်။

ယင်းပွဲကို ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီ၏ အကြံပေး အဖွဲ့ဝင် တောင်အာဖရိကနိုင်ငံ ကာကွယ်ရေးဝန်ကြီးဟောင်း H.E Mr. Roelof Meyer ဦးဆောင် သည့် အဖွဲ့လည်း တက်ရောက်ခဲ့သည်

Author: ချလူးအောင်