ဇွန်လ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်၊ ရန်ကုန် (DMG) ။    ။   "ရခိုင်ပြည်နယ်မှမူဆလင်းအသိုက်အ၀န်း" အသုံးအနှုန်းကို ဦးဆောင်ကန့်ကွက်ခဲ့ကြသည့် ရခိုင်လူငယ်များအဖွဲ့မှ အထွေထွေအတွင်းရေးမှူး ကိုဖိုးသား၊ မြန်မာ့အမျိုးသားရေးကွန်ရက် ဥက္ကဌ ကိုဝင်းကိုကိုလတ်၊ အထွေထွေ အတွင်းရေးမှူး ကိုနောင်တော်လေးတို့အားပြန်လွှတ်ပေးရေးအတွက် ဇွန်လ ၂၁ ရက် ယနေ့ နံနက် ၉ နာရီ ကျော်အချိန်က ဗဟန်မြို့နယ်တရားရုံးရှေ့တွင် ပြုလုပ်ခဲ့ကြသည်။

အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်သူ ကိုမင်းမင်းက "ဒီနေ့ ဆန္ဒဖော်ထုတ်ရတဲ့အကြောင်းအရင်းကတော့ အစ်ကိုတို့ရဲ့မျိုးချစ်ညီအစ်ကိုတွေကို မတရားဖမ်းဆီး ခံထားရတဲ့ ၅၀၅(ခ)အဖြစ် မတရားဖမ်းဆီးထားတဲ့ အတွက် အစ်ကိုတို့က ကိုယ့်ညီအစ်ကိုတွေ ခံနေရတာကို မတရားဘူးထင်လို့ မခံစားနိုင်တဲ့အတွက် ကိုယ်ကိုတိုင် ခွင့်ပြုမိန့်လျှောက်လွှာတင်ပြီး ဒီပွဲကို စီစဉ်ရတာ" ဟု မီဒီယာများသို့ ပြောသည်။

"ကိုဖိုးသား၊ ကိုနောင်တော်လေး၊ ကိုဝင်းကိုကိုလတ် (ချက်ချင်းလွှတ်)" "အမျိုးသားရေး လှုပ်ရှားသူများ လွတ်မြောက်ရေး(ဒို့အရေး)" " နိုင်ငံတော်အတိုင်ပင်ခံရုံး၏ ရခိုင်ပြည်နယ်မှ မွတ်စလင်အသိုင်းအ၀ိုင်းဟု သုံးနှုန်းမှု(အလိုမရှိ)" "အမှန်တရားပြောဆိုခွင့် ပိတ်ပင်သူ(ပြည်သူ့ရန်သူ)" " ၅၀၅(ခ)ဖြင့် မတရားဖမ်းဆီး ခံထားရသူများလွှတ်မြောက်ရေး(ဒို့အရေး)" စသည့် ကြွေးကြော်သံများနှင့်တရားစွဲဆိုခံထားရသူများ၏ ဓာတ်ပုံပါပိုစတာများကိုင်ဆောင်ကာ မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ(ရန်ကုန်)မှ ဆရာတော် ဦးတေဇဝန္တ၊ ဦးဆန်းလွင် (ဒေါပုံဝံသာနု ဥက္ကဋ္ဌ)၊ ဦးမျိုးထိုက်(ခ) IPနှင်းမောင်နှင့် ဦးမင်းသူရမျိုးတို့ကဟောပြော တောင်းဆို ခဲ့ကြသည်။

 တရားစွဲဆိုခံရသည့်ဝင်းကိုကိုလတ်၏ မိခင်ဖြစ်သူ ဒေါ်တင်မာက "သူတို့က မှန်ကန်တယ်ထင်လို့ ဆန္ဒပြတဲ့အတွက် အန်တီကတော့ ဘာမှမပြောလိုဘူး။ အန်တီသားတွေ အမျိုးသားရေးလုပ်တာ အားပေးတယ်။ ကျေနပ်တယ်။ အခုလိုဖမ်းတာက သူတို့ကိုဖမ်းတာက ဘာ အကြောင်းပြချက်မရှိဘူးလို့ အန်တီ ထင်တယ်။ ငြိမ်းစုစီပုဒ်မနဲ့ ဖမ်းတာကတော့ လက်ခံတယ်။ ထားလိုက် တော့။ ၅၀၅(ခ) ပုဒ်မတပ်တာကတော့ အန်တီလည်း မကျေနပ်ဘူး။ ကျန်တဲ့ အမျိုးသားရေးသမားတွေ လည်း မကျေနပ်ဘူး။ ဒါဟာ မတရားဘူးလို့ ထင်တယ်" ဟုမီဒီယာများသို့ ပြောသည်။

ထိုအမှုမှာ ၃၂ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကောင်စီညီလာခံတွင် မြန်မာအစိုးရ ကိုယ်စားလှယ်မှ ရခိုင်ပြည်နယ်ရှိဘင်္ဂလီများအား "ရခိုင်ပြည်နယ် မှ မူဆလင်အသိုင်းအ၀ိုင်း"ဟု သုံးနှုန်းခဲ့သည်ကို လက်မခံကြောင်း၂၀၁၆ ခုနှစ် ဇွန်လ ၁၀ ရက်နေ့က ရန်ကုန်မြို့၊ရွှေတိဂုံစေတီတော် အရှေ့ဖက်မုခ်ရှိ ကြေးသွန်းဘုရားကြီး ရှေ့မှ တာမွေလူထုဟစ်တိုင်ထိ လမ်းလျှောက်ဆန္ဒ ထုတ်ဖော်ခဲ့ကြသည့် အတွက်  ငြိမ်း/စု/စီ ၁၉ အပြင် နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)တို့ဖြင့် ဗဟန်းမြို့နယ်တရားရုံးတွင် အမှုဖွင့်အရေးယူထားခြင်း ဖြစ်သည်။

Author: ကောင်းကောင်း