
(အမှိုက်များဖြင့် ညစ်ပတ်နေသော ငပလီကမ်းခြေအားတွေ့ရစဉ်။ ဓါတ်ပုံ - ပျံလွှား၊ DMG)
ခင်သရဖီဦး။ ဇူလိုင်လ ၇ ရက်၊ ၂၀၁၈ ခုနှစ်။ ။ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုများနှင့် သဲထုတ်ယူမှုများရှိသည့်အတွက် ငပလီကမ်းခြေမှာ ပျက်စီးလာ၍ ကြိုတင်ကာကွယ်နိုင်ရန် ကမ်းခြေ၏အနာဂတ်ကို ဒေသခံလူမှုအဖွဲ့အစည်းများနှင့် ဟိုတယ်လုပ်ငန်းရှင်များက ယနေ့ ဇူလိုင်လ ၇ ရက်ကနေ ၈ ရက်နေ့အထိ ဆွေးနွေးမှုပြုလုပ်နေသည်။
အဆိုပါဆွေးနွေးပွဲကို ရခိုင်လူမှုကွန်ယက် (သံတွဲကမ်းခြေ)မှ ကြီးမှူးကာ ငပလီမြို့၊ လင်းသာရပ်ကွက်ရှိ Excellence Restaurant တွင် နံနက် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ ဆွေးနွေးခဲ့ကြသည်။
ငပလီကမ်းခြေကို ယခုအတိုင်း ဆက်သွားမည်ဆိုပါက အနာဂတ်တွင် စိုးရရသည့် အခြေအနေရှိကြောင်း ရခိုင်လူမှုကွန်ရက် (သံတွဲကမ်းခြေ) အဖွဲ့ဝင် ကိုဇေယျာလင်းက ပြောသည်။
“ ငပလီကမ်းခြေသာယာလှပရေးပေါ့။ ရေရှည်တည်တံ့ရေး။ အဲဒါနဲ့ပတ်သတ်ပြီး ဆွေးနွေးမှုပြုလုပ်မှာ ဖြစ်ပါတယ်။ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေလုပ်မလဲပေါ့။ အခုလည်းပျက်စီးနေပါပြီ။ ပျက်စီးဆုံးရှုံးမှုလည်း အခု အနည်းငယ်ရှိနေပါပြီ။ အဲဒါကြောင့် ကျနော်တို့ အလွှာပေါင်းစုံက လူတွေကို ဖိတ်တယ်။ အဓိကအားဖြင့် ခရီးသွားလုပ်ငန်းတွေနဲ့ ဆက်စပ်တဲ့ လူတွေပါတယ်။ ” ဟု ပြောသည်။

(ငပလီကမ်းခြေမှ သဲထုတ်ယူမှုများကြောင့် ကမ်းခြေ၏အလှများပျက်စီးလာ။ ဓါတ်ပုံ - MMT)
ငပလီကမ်းခြေ၏ အဓိက ရင်ဆိုင်နေရသော ပြဿနာမှာ သဲထုတ်မှုဖြစ်ကြောင်း ၄င်းက ဆက်ပြောသည်။
“ အဓိကပြဿနာက သဲထုတ်လုပ်မှုပေါ့။ ငပလီကမ်းခြေမှာ သဲထုတ်လုပ်ယူမှုတွေရှိနေတယ်။ ကျနော်တို့က သဲနဲ့ပတ်သတ်ပြီးပြောတာပေါ့။ သဲဆိုတာကဖြစ်တည်လာဖို့က ရှားတယ်။ သဲတစ်ပွင့်ဖြစ်လာဖို့မလွယ်ဘူး။ နှစ်ပေါင်းများစွာစောင့်ရတယ်။ သဲနဲ့ပတ်သတ်လို့ဆွေးနွေးတယ်။ နောက်တစ်ချက်က သံတွဲမှာ ကမ်းခြေနဲ့ မီတာ ၅၀ အကွာမှာ ဆောက်လုပ်ရမည်ပေါ့။ အဆောက်အုံးတွေကို။ ဒါမဲ့ လက်ရှိမှာတော့ ဆောက်လုပ်ထားတာတွေ မလုပ်ရဘူးပေါ့။ ကန့်သတ်ထားတာပေါ့။ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဦးစီးဌာနက ညွှန့်ကြားထားတာတွေ ရှိပါတယ်။ ” ဟု ပြောသည်။
လက်ရှိ ငပလီကမ်းခြေသည် သာယာလှပသော်လည်း နိုင်ငံတကာအဆင့်မမီသေးကြောင်း သံတွဲမြို့နယ် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမင်းစိုးအောင်က ပြောသည်။
“ ငပလီက သာယာတယ်။ လှပတယ်။ ဒါပေမဲ့ ဘာဖြစ်လာလဲဆိုတော့ နိုင်ငံတွေမှာ သတ်မှတ်တာတဲ့ နှစ်သက်စရာ အကောင်းဆုံးပေါ့နော်။ ဥပမာ ဆိုလို့ရှိရင် ဒီနှစ်အတွက်ဆိုရင် နှစ်သက်စရာ အကောင်းဆုံးထဲမှာ ငပလီကမ်းခြေက ကျသွားတယ်။ သတ်မှတ်ချက်ကျတာက ဘာဖြစ်လို့လဲ အဖြေရှာမှရတော့မှာ။ ဒီသတ်မှတ်ချက်တွေကလည်း ကျနော်တို့က သတ်မှတ်တာလည်းမဟုတ်ဘူး။ ကမ္ဘာ့မီဒီယာတွေကနေပြီးတော့ သူဟာသူသတ်မှတ်တာ။ လာလည်တဲ့ ဧသည်တွေရဲ့ အကြုံပြုချက်တွေရှိတယ်။ အဲဒီအကြံပြုချက်တွေက ဘယ်ကိုတက်သွားလည်းဆိုတော့ ကမ္ဘာ့မီဒီယာတွေဆီ ရောက်သွားတယ်။ ရောက်ပြီတော့ ငပလီက လှပမှုတော့ရှိတယ်။ ကျနော်တို့က အခုဆွေးနွေးရတာကလည်း ဘယ်လိုကြိုတင်ကာကွယ်မလဲ။ ဘယ်လိုတွေလုပ်ကြမလဲ။ ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ” ဟု ပြောသည်။
ငပလီကမ်းခြေသာယာလှပရေး၊ ရေရှည်တည်တံ့ရေး၊ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာရေးနှင့်စပ်လျဉ်း၍ ငပလီကမ်းခြေတွင် လက်ရှိကြုံတွေ့နေရသော အခက်အခဲများ၊ ပြဿနာများကို ၀ိုင်းဝန်းဆွေးနွေးအဖြေရှာနိုင် ကြရန်အတွက် ဌာနဆိုင်ရာများ၊ ခရီးသွားလုပ်ငန်းအခြေပြု၍ စီးပွားရေးလုပ်ငန်းရှင်များ၊ အရပ်ဖက်အဖွဲ့အစည်းတို့က ဆွေးနွေးသွားမည်ဟု သိရသည်။

(ငပလီကမ်းခြေ။ ဓါတ်ပုံ - ပျံလွှား)




