
သြဂုတ်လ (၂၅) ရက်၊ ၂၀၁၈ ခုနှစ်၊DMG/စိမ်းကိုကို။
ရခိုင်ပြည်နယ်မှ အလုပ်လုပ်ကိုင်ရန်သွားသည့် ရခိုင်လူငယ်များကို ရှမ်းပြည်နယ် ကွန်ဟိန်းမြို့နယ်အနီး သံလွင်တံတား(တာကော်တံတား)စစ်ဆေးရေးဂိတ်မှ ဖြတ်သန်းခွင့်မပြုသဖြင့် ပြန်လှည့်ပြန်လာခဲ့ကြကြောင်းသိရသည်။
အဆိုပါ လူငယ်များမှာ သြဂုတ်လ ၂၄ ရက်နေ့က တောင်ကြီးမြို့မှနေ ၊ ကျိုင်းတုံမြို့သို့ အလုပ် လုပ်ကိုင်ရန် ကားဖြင့်ထွက်ခွာလာကြရာ ညနေ ပိုင်းတွင် ကွန်ဟိန်းမြို့နယ် သံလွင်တံတား(တာကော်တံတား) စစ်ဆေးရေးဂိတ်တွင် စစ်ဆေးခံကြရာ အထက်က အမိန့်ချထားသဖြင့် ရခိုင်များကို ဖြတ်သန်းခွင့်မပြုဟုဆိုသဖြင့် တောင်ကြီးဖက်ကိုပြန်လှည့်ပြန်လာခဲ့ကြကြောင်း သိရသည်။
“ကျွန်တော်တို့ တောင်ကြီးဖက်ကို ပြန်လှည့်လာကြတယ်။ မှတ်ပုံတင်တွေကိုလဲ မယူခဲ့ပါဘူး။ တစ်ခြားတိုင်းရင်းသားတွေကို ဖြတ်ခွင့်ပြုပြီး ရခိုင်တိုင်းရင်းသားဖြစ်ပါလျှက် ဘာကြောင့် ဖြတ်ခွင့်မပြုတာလဲ ဆိုတာကို ကျွန်တော်တို့ ဆန္ဒထုတ်ဖေါ်တဲ့အနေနဲ့ လမ်းလျှောက်ပြီးတော့ လှည့်လာခဲ့တာပါ”ဟု ပြန်လည်လှည့်ပြန်လာသူများထဲမှ ကိုမောင်မောင်ကပြောသည်။
လက်ရှိ အချိန်တွင် လမ်းလျှောက်ပြန်လာကြသည့်အထဲမှ အမျိုးသား၊ အမျိုးသမီး ၂၉ မှာ လမ်းလျှောက်ပြန်လာခဲ့ကြပြီး ၄င်းတို့အားလုံးမှာ အလုပ်လုပ်ကိုင်ရန် သွားကြခြင်းဖြစ် ကြောင်းလည်း ဒေါ်အေးမြတ်နွယ်ကပြောသည်။
“ရခိုင်ကတက်လာတာတော့ တစ်ရက်နှစ်ရက်ရှိပြီ။ အဲဒီကိုသွားတာကတော့ အလုပ်လုပ်ဖို့သွားတာပါ။ ယောင်္ကျားရယ်၊ နောက်ဆွေမျိုးတစ်ဦးပါတယ်။ သွားလို့မရတာကတော့ အကြောင်းပြချက် မပေးဘူး။ အခုလမ်းလျှောက်နေကြတယ်။ ထမင်းမစားရတာတောင်း သုံးနပ်လောက်ရှိပါပြီ”ဟု ပြောသည်။
တားဆီးခံရသော ရခိုင်လူငယ်များမှာ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း စသည့်မြို့နယ်များမှဖြစ်ပြီး အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၂၁ ဦးတို့မှာ လက်ရှိအချိန်တွင် လမ်းလျှောက်ဆန္ဒထုတ်ဖေါ်ကာ တောင်ကြီးမြို့ဖက်သို့ ပြန်လည်လှည့်ပြန်လာနေကြခြင်းဖြစ်သည်။
3 Attachments




