ဓာတ်ပုံ - facebook

 

ခိုင်ရိုးလ ၊DMG

အောက်တိုဘာ ၉၊ စစ်တွေ

အိန္ဒိယနိုင်ငံမှ မြန်မာအစိုးရကို လွှဲပြောင်းပေးလိုက်သည့် ဘင်္ဂါလီ ၇ ဦး ကျောက်တော် မြို့နယ်သို့ အောက်တို ဘာလ ၈ ရက်နေ့က ရောက်ရှိလာသည်ဟု မြို့နယ် လဝက ဦးစီးအရာရှိ ဦးခင်မောင်အေးက  DMG ကို  ပြောသည်။

“ သူတို့က ကျောက်တော်ကို မနေ့ကရောက်တာပါ ” ဟု ၎င်းကပြောသည်။

ယင်းကိစ္စနှင့်ပတ်သတ်ပြီး ကျောက်တော်မြို့နယ် လဝက ဦးစီးအရာရှိကို မေးမြန်းရာတွင် ဖုန်းချလိုက်ပြီး DMG က ထပ်မံဆက်သွယ်ရန် အကြိမ်ကြိမ်ကြိုးစားသော်လည်း ဖုန်းစက်ပိတ်ထားသောကြောင့် ဆက်လက်၍ အသေးစိတ်ကို မသိရှိရပေ။

အဆိုပါ ဘင်္ဂါလီများကို  မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ဖူးသည့် အထောက်အထားများအပေါ် အခြေခံပြီး ပြန်လည်လက်ခံခဲ့ခြင်းဟု  နေပြည်တော်မှာ ကျင်းပခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုမှာ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့သည်။

ယင်းဘင်္ဂါလီ ၇ ဦးသည်  အိန္ဒိယနိုင်ငံထဲကို တရားမ၀င် ၀င်ရောက်မှုဖြင့် ၂၀၁၂ ခုနှစ်က အာသံပြည်နယ်မှာ ဖမ်းဆီးခံရခြင်းဖြစ်သည်။ ၎င်းတို့သည် မဏိပူရပြည်နယ်က တစ်ဆင့် မြန်မာအာဏာပိုင်များကို  အောက်တိုဘာ လ ၄ ရက်နေ့က ပြန်လည်လွှဲပြောင်းပေးခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

အဆိုပါ ဘင်္ဂါလီများကို မြန်မာဘက်သို့ လွှဲပြောင်းပေးလိုက်သောကြောင့် လုံခြုံရေးနှင့် အန္တရာယ်ကင်း ရှင်းရေးအတွက် အလွန်စိုးရိမ်မိကြောင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး(UNHCR) ပြောင်ခွင့်ရပုဂ္ဂိုလ်ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာရုံးချုပ်မှာ ပြောဆိုခဲ့ကြောင်း VOA သတင်းဌာနက ရေးထား ထားသည်ကိုတွေ့ရသည်