၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၅ ရက်၊ ခင်သရဖီဦး / DMG

မြန်မာ့တပ်မတော်နှင့်ရက္ခိုင့်တပ်မတော်(AA)တို့တိုက်ပွဲဖြစ်ပွားနေသည့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ တွင် စစ်ရေးရပ်ဆိုင်းပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် သမ္မတ ဦးဝင်းမြင့်ကို ဖမ်းဆီးခံနေရသည့် ဒေါက်တာအေးမောင်က ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် မေတ္တာရပ်ခံ လိုက်သည်။

ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် တပ်မတော်က တိုင်းစစ်ဌာနချုပ် နယ်မြေ (၅) ခုတွင် ရက္ခိုင့်တပ်မတော်(AA) အပါအဝင် NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေး သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန်အတွက်  စစ်ရေးလှုပ်ရှားမှု လေးလကျော်ကြာ ရပ်ဆိုင်းရန် ထုတ်ပြန်သည်။သို့သော် ရခိုင်ရှိ အနောက်ပိုင်းတိုင်း  စစ်ဌာနချုပ်နယ်မြေမပါဝင်သောကြောင့် ဒေါက်တာအေးမောင်က မေတ္တာရပ်ခံခြင်း ဖြစ်သည်။

 “ ကျနော်တို့က ပြည်ထောင်စုကို ညီညွတ်အောင်ဘာလို့ မလုပ်နိုင်တာလဲ။ဒီစစ်ကြောင့်လူတွေရဲ့အသက် သေကြတယ်။ ရပ်ဖို့လိုပြီး အဲတော့ နပခ နယ်မြေ(အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ)မှာ  အပစ်ရပ်ပေးဖို့ တောင်းဆိုပါတယ်။ ရခိုင်လူထုတောင်း မှတ်ပေးပါ။အဲဒီတော့ ကျွန်တော်တို့ ပြည်ထောင်စုကို ငြိမ်းငြိမ်းချမ်းချမ်း လေးနဲ့ ညီအကိုတွေလို ဖက်ဒရယ်ပြည်ထောင်စုကို သွားမယ်ဆိုရင် ကျန်တာ အကုန်လုံးကို ရပ်ခြင်းအားဖြင့် ပြည်ထောင်စုကို ပေးဆပ်တာဆိုတာကို နားလည်ပေးပါ။အဲ့တာကို သမ္မတကြီးရော၊ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရော မေတ္တာရပ်ခံပါတယ်”ဟု ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ဖြစ်ပွားမှုမှာ နှစ်ပေါင်း (၇၀) ရှိနေပြီဖြစ်သောကြောင့် စစ်ပွဲများ ရပ်သင့်ပြီဟု ဒေါက်တာ အေးမောင်က ဆက်လက်ဆိုသည်။

“ကျွန်တော်တို့မှာ အန္တိမ ရည်မှန်းချက် ရှိတယ်။ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ဖို့။ရည်မှန်းချက်ရှိရင် အဲဒီရည်မှန်းချက်ကို သွားတဲ့အခါမှာ အတားအဆီးတွေကို ရပ်ဖို့လိုတယ်။အဲဒီမှာ စစ်ပွဲတွေ နှစ်(၇၀) ရှိပြီ ရပ်သင့်ပြီ။မသေသင့်တော့ဘူး။ တပ်မတော်သားတွေလည်း ညီအစ်ကိုတွေပဲ မသေသင့်တော့ဘူး။အဲ့တော့ ပွင့်ပွင့်လင်းလင်းပြောရင် ပြည်ထောင်စုဟာ စစ်ပန်းနေပြီ  ”ဟု ၎င်းက ပြောသည်။

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ၊အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ နှင့် တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေး သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တစ်ဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန်အတွက်  စစ်ရေး လှုပ်ရှားမှု လေးလကျော်ကြာ ရပ်ဆိုင်းရန် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အနောက်ပိုင်းစစ်ဌာနချုပ်နယ်မြေတွင် စစ်ရေးလှုပ်ရှားမှုဆိုင်ရာကို မရပ်ဆိုင်းခြင်းမှာ ARSA အကြမ်းဖက်သမား များရှိနေသောကြောင့်ဟုဆိုကာ  တပ်မတော်က အကြောင်းပြကြသည်။

တပ်မတော်အနေဖြင့် ထိုးစစ်ဆင်ပစ်ခတ်တိုက်ခိုက်မှုများ၊အမှန်တကယ်ရပ်စဲပြီး နိုင်ငံရေးပြဿနာဆွေးနွေး အဖြေရှာနိုင်ရန်အတွက် မြန်မာ့တပ်မတော်အနေဖြင့် မြေပြင်တစ်နိုင်ငံလုံးအတာဖြင့် အပစ်ခတ် ရပ်စဲကြောင်း ကြေညာသင့်ကြောင်း၊စစ်ပွဲဖြစ်ပွားနေသည့် နေရာများကို ကွက်ကျားအပစ်ရပ်ဆိုင်းပြီး လက်ရှိ တိုက်ပွဲ ပြင်းထန် နေသည့် ရခိုင်ဒေသကို ချန်လှပ်ထားသည်မှာ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်စိုးရိမ်ရာဖြစ်သည်ဟု MNDAA၊TNLAနှင့် AA တို့က ဒီဇင်ဘာလ ၂၄ ရက်နေ့က ထုတ်ပြန်ထားသည်။

ရခိုင်ဒေသတွင် တပ်မတော်က စစ်ရေးဆိုင်ရာ လှုပ်ရှားမှု လေးလကျော်ကြာရပ်ဆိုင်းမည်ဟု ကြေငြာသည့်နေ့ တွင်လည်း တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြားတွင် တိုက်ပွဲပြင်းထန်ခဲ့သည်။