
(သရက်ပင်လဲကျမှုကြောင့် ဦးမောင်ငယ်နေအိမ် ပျက်စီးသွားပုံ / ဓာတ်ပုံ - အပေါက်ဝကျေးရွာအုပ်ချုပ်ရေးမှူး)
ဇူလိုင် ၂၁ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ / DMG
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အပေါက်ဝရွာတွင် ဇူလိုင်လ ၂၁ ရက် နံနက် ၁၀ နာရီခွဲခန့်က လေဆင်နှာမောင်းတိုက်ခတ်ခဲ့သဖြင့် လူတစ်ဦးဆေးရုံတင်ရကာ ပျက်စီးဆုံးရှုံးမှု အနည်းငယ်ရှိခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။
လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် ရထားဘူတာခေါင်မိုးလန်သွားပြီး သရက်ပင်ကြီးလဲကျရာမှ နွားတစ်ကောင်သေဆုံးကာ အမျိုးသမီးတစ်ဦး ဆေးရုံတင်လိုက်ရကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်မြက ပြောသည်။
“ ပျက်စီးမှုတွေကတော့ ရထားဘူတာက ခေါင်မိုးတွေ လန်သွားတယ်။ ချောင်းဖျားစုရပ်ကွက်က ဦးမောင်ငယ်ရဲ့အိမ် ခေါင်မိုးလန်ပျက်စီးပြီးတော့ အိမ်နောက်ပိုင်းကို သရက်ပင်ကြီးက လေဆင်နှာမောင်းတိုက်ပြီး လဲကျတဲ့အတွက် နွားတစ်ကောင်ပိမိခဲ့ကာ သေဆုံးသွားခဲ့ရပါတယ်။ မောင်ငယ်ရဲ့ဇနီးကတော့ လတ်တလောမှာ သွေးလန့်ကာ သတိလစ်သွားတဲ့အတွက် ဆေးရုံမှာ ဆေးကုသနေရတယ်။ ဒဏ်ရာကတော့ စိုးရိမ်စရာမရှိပါဘူး ” ဟု ဆိုသည်။
ယခုဖြစ်စဉ်နှင့်ပတ်သက်ပြီး မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသို့လည်း အကြောင်းကြားထားပြီဟု ၄င်းကပြောသည်။
မြေပုံမြို့နယ်၊ ငါးခူချောင်းကျေးရွာတွင် ပြီးခဲ့သည့် ဇူလိုင်လ ၁၇ ရက်နေ့က လေဆင်နှာမောင်း ဝင်ရောက်တိုက်ခတ်ခဲ့မှုကြောင်း လူနေအိမ် ၃၀ ပျက်စီးဆုံးရှုံးခဲ့ကာ၊ မင်းပြားမြို့မဈေးကြီးမှာလည်း ဇူလိုင်လ ၁၃ ရက်နေ့က လေဆင်နှာမောင်းတိုက်ခတ်ခဲ့မှုကြောင့် ခေါင်မိုးလန်ပျက်စီးမှုများ ရှိခဲ့သည်။




