ဇူလိုင် ၁၃ | DMG
စင်္ကာပူနိုင်ငံမှ ရခိုင်လူမျိုး (၆) ဦးကို ပြည်နှင်ဒဏ်ပေးပြီး မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်ခြင်းနှင့် ပတ်သက်၍ အမေရိကန်နိုင်ငံ၊ ၀ါရှင်တန်ဒီစီမြို့ရှိ စင်္ကာပူသံရုံးနှင့် မြန်မာသံရုံးရှေ့တွင် ဇူလိုင်လ (၁၅) ရက်၊ တနင်္လာနေ့ နံနက် ၁၁ နာရီနှင့် နေ့လည် ၂ နာရီတို့တွင် ဆန္ဒထုတ်ဖော်မှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်သည်။
ဆန္ဒပြပွဲကို အမေရိကန်ရောက် ရခိုင်လူမျိုးများနှင့် တခြားတိုင်းရင်းသားလူမျိုးများက ပူးပေါင်းကြမည်ဟု သိရသည်။
မြန်မာနိုင်ငံတွင် တိုင်းရင်းသားဒေသအသီးသီး၌ မြန်မာ့တပ်မတော်အနေဖြင့် လူ့အခွင့်အရေးချိုးဖောက်မှုများရှိနေပြီး ရခိုင်ပြည်နယ်မှ မွတ်ဆလင် (၇၀၀၀၀၀) ကျော်ကိုလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားအောင် ပြင်းထန်သော စစ်ဆင်ရေးတွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိခဲ့သည်။
လက်ရှိအချိန်တွင်လည်း ရက္ခိုင့်တပ်တော်နှင့် တိုက်ပွဲများပြင်းထန်နေပြီး ဒေသခံရခိုင်ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ သတ်ဖြတ်ခြင်း၊ စစ်ဆင်ရေးနယ်မြေတွင် လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်း၊ ပေါ်တာဆွဲခြင်းနှင့် တခြား လူ့အခွင့်အရေးချိုးဖောက်မှု မျိုးစုံရှိနေသည့်အတွက် မြန်မာနိုင်ငံအား နိုင်ငံတကာအသိုင်းအ၀ိုင်းမှ ပြစ်တင်ဝေဖန် ပြောဆိုမှုများလည်း ရှိနေသည်။
ထိုအချိန်တွင် ယခုလို ရခိုင်လူမျိုးများအား ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်တှိ့ကို ငွေကြေးထောက်ပံ့ခြင်းနှင့် ရခိုင်ပြည်တွင်းအကြမ်းဖက်မှုများကို အားပေးအားမြှောက်လုပ်ဆောင်နေသည်ဟု အကြောင်းပြစွပ်စွဲပြီး စင်္ကာပူနိုင်ငံရှိ ရခိုင်အသင်း(စင်္ကာပူ) မှ ခေါင်းဆောင်များအား မတရားဖမ်းဆီး ပြည်နှင်ဒဏ်ပေး၍ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးလိုက်မှုအပေါ် ကျေနပ်မှုမရှိသည့်အတွက် ဆန္ဒထုတ်ဖော်မှုကို စီစဉ်ရခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများက ပြောသည်။
စင်္ကာပူနိုင်ငံ၏ နိုင်ငံကြီးသားမပီသမှုကို ပြသသည့်အနေဖြင့် အခုလိုမြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသအသီးသီးတွင် စစ်ရာဇ၀တ်မှုများ ကျူးလွန်နေသည်ကို သိသိကြီးနှင့် ရခိုင်အသင်း(စင်္ကာပူ) မှ ခေါင်းဆောင်များအား မြန်မာနိုင်ငံရဲလက်တွင်းသို့ လွှဲပြောင်းပေးလိုက်ခြင်းမှာ ၄င်းတို့၏ လုံခြုံရေးနှင့် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရသည့်အတွက် စင်္ကာပူအစိုးရအား ကန့်ကွက်ရှုတ်ချကြောင်းလည်း ပွဲစီစဉ်သူများက ဆိုသည်။
ဇူလိုင်လ ၁၇ ရက်နေ့တွင်လည်း ဂျပန်နိုင်ငံ စင်္ကာပူသံရုံးရှေ့တွင် ဆန္ဒထုတ်ဖော်မှုတစ်ခုကို ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။




