(ဘူးသီးတောင် ရွှေကျင်ဘုန်းတော်ကြီးကျောင်းသို့ ခိုလှုံရန်လာကြသော ဒေသခံရခိုင်တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသားများ။ ဓါတ်ပုံ - မောင်ဇော်ခိုင်/DMG)
သြဂုတ်လ ၂၇ ရက်၊ ၂၀၁၇ ခုနှစ်၊ (DMG) ။ ။ လက်ရှိ ဘူးသီးတောင်၊ မောင်တော အကြမ်းဖက် တိုက်ခိုက်ခံရမှုကြောင့် ပြည်နယ်အစိုးရ၏ လတ်တလောစာရင်းအရ နေရပ်စွန့်ခွာလာ၍ အိုးမဲ့အိမ်မဲ့ဖြစ်နေသော ၄၀၀၀ ကျော် စားစရာနှင့် အခြားအကူအညီများ ကူညီနိုင်ရန် ပြည်နယ်အစိုးရ ပြင်ဆင်နေကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးတင်မောင်ဆွေက DMG သို့ ပြောသည်။
“ ထွက်ပြေးလာတဲ့ ဒေသခံတွေမှာ စားစရာ၊ စားစရာကလည်း ၂ ရက်စာလောက်ပဲ ကျန်တော့တယ်လို့ သိရပါတယ်။ ဘူးသီးတောင်မြို့မှာရှိတဲ့ တောင်ဘဇာက ထွက်ခွာလာတဲ့ ဒေသခံ ၇၀၀ ကို ကျနော်တို့ ပြည်နယ်အစိုးရက ရိက္ခာတစ်ပတ်စာ ပို့ပေးထားပါတယ်။ တခြားနေရာတွေကိုလည်း ဒီမှာပြင်ဆင်ထားပါတယ်။ အခုက ကားလမ်းတွေကလည်း သွားလို့မရတော့ ရဟန်ယဉ်တောင်းခံထားပါတယ်။ ရဟတ်ယဉ်နဲ့ လေကြောင်းကနေ ကူညီပေးသွားမှာဖြစ်ပါတယ်။ ” ဟု ၄င်းကဆိုသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့် လူမှုကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီး ဦးဝင်မြတ်အေးတို့မှာ နေရပ်စွန့်ခွာလာသည့် ဒေသခံများခိုလှုံရာနေရာများကို ရဟန်ယဉ်ဖြင့် သွားရောက်ကြည့်ရှုခဲ့ပြီး ခေါက်ဆွဲနှင့် အခြားအထောက်အပံ့များ ကူညီခဲ့ကြောင်း လူကယ်ပြန်ဝန်ကြီး ဦးဝင်းမြတ်အေးက သြဂုတ်လ ၂၇ ရက်က DMG ကို ပြောကြားသည်။
နေရပ်စွန့်ခွာ ထွက်ပြေးလာသည့် ဒေသခံ ဘူးသီးတောင်မှာ ၇၀၀၊ မောင်တော မောရဝတီစခန်းမှာ ၂၀၀၀၊ မောင်တော သုံးမိုင်စခန်းမှာ ၁၀၀၀ နှင့် မောင်တောမြို့ပေါ်ရှိ သာသနာ့ဗိမာန်စခန်းတွင် ၃၀၀ ကျော်ရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ လတ်တလောစာရင်းအရ သိရသည်။




