ိ
သြဂုတ် ၂၁၊ ခင်သရဖီဦး
ARSA အကြမ်းဖက်တိုက်ခိုက်ခံရမှု တစ်နှစ်ပြည့် ဝမ်းနည်းဖွယ်အထိမ်းအမှတ်အခမ်းအနားကို ရခိုင်အမျိုးသားပါတီ( ANP) မှဦးဆောင်ပြီး စစ်တွေမြို့အတုလ မာရဇိန် ပြည်လုံးချမ်းသာ ဘုရာကြီး ၌ သြဂုတ်လ ၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
ARSA အကြမ်းဖက်တိုက်ခိုက်ခံရမှုနှင့် ပတ်သတ်ပြီး အမျိုးသားသတိနှင့် အမျိုးသားလုံခြုံရေး ပျက်ကွက်မှုများ ကြောင့် တိုက်ခိုက်ခံရခြင်းဖြစ်ကာ နောက်နောင် ယခုလိုမဖြစ်စေရေး သတိရှိကြစေရန် အတွက် ရည်ရွယ်ပြီး အခမ်းအနားကိုကျင်းပရန်စီစဉ်ရခြင်း ဖြစ်သည်ဟု ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က အခုလိုပြောသည်။
“မောင်တောခရိုင်မှာ ရခိုင်မျိုးနွယ်စုတွေ အကြမ်းဖက်ဘင်္ဂလီတွေရဲ့တိုက်ခိုက်သတ် ဖြတ်မှုကို ခံရပြီး အပြစ်မဲ့ သေသွားရတယ်။ ဒါကြောင့် နောက်နှောင် ဒီလိုအဖြစ်မျိုးမကြုံရအောင် အမျိုးသားလုံခြုံရေး သတိထားရမှာကို မမေ့ရအောင် ပြုလုပ်မှာဖြစ်ပါတယ်။ မောင်တောခရိုင်မှာ ဘင်္ဂလီက ၉၅%ဖြစ်နေပြီးတော့ ရခိုင်တိုင်းရင်းသားမျိုးနွယ်စုတွေက ၅%ရှိတဲ့ နေရာဒေသတစ်ခုမှာ ကိုယ်တို့ရဲ့ အချုပ်ချာအာဏပိုင် နယ်မြေတစ်ခုဖြစ်တဲ့ ရခိုင်သားတွေအတွက် အမြဲတမ်းအမျိုးသားရေးသတိနဲ့ အမျိုးသားလုံခြုံရေးကို ထားရှိသင့်တယ် “ ဟု ဦးထွန်းအောင်ကျော် ကပြောသည်။
အခမ်းအနားတွင်၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်နေ့စတင်တိုက်ခိုက်ခဲ့သော အကြမ်းဖက်မှုဖြစ်စဉ်၌ သေးဆုံးခဲ့သော ပြည်သူ့ဝန်ထမ်းများ၊ ရခိုင်၊ ဒိုင်းနက်နှင့် ဟိန္ဒူဘာသာဝင် များအတွက် သံဃာတော်များကို ပင့်ဖိတ်ပြီးဆွမ်းကျွေးကာ အမျှပေးဝေသွားမည်ဖြစ်ကြောင်းလည်းသိရသည်။
ရခိုင်ပြည်နယ်တွင် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မောင်တော၊ ရသေ့တောင်၊ဘူးသီးတောင် စသည့် မြို့နယ်များတွင် နေထိုင်ကြသော ရခိုင်၊ မြို၊ ဒိုင်းနက်စသည့် တိုင်းရင်သားများ အပြင် ဟိန္ဒူဘာသာဝင်များ ၁၀၀ ကျော်သေဆုံးခဲ့ရသည်။




