(ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသခံများ တွေ့ဆုံဆွေးနွေးနေစဉ်။ ဓါတ်ပုံ - ချလူးအောင်/DMG)

ဇူလိုင် ၇ ရက်၊ ၂၀၁၇ ခုနှစ်၊ မောင်တော (DMG) ။  ။   ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် အကြမ်းဖက်မှုအန္တရာယ်များကို ကာကွယ်နိုင်ရန်အတွက် ဒေသခံများအား ပြည်သူ့စစ်ဖွဲ့၍ အဆင့်မှီလက်နက်တပ်ဆင်ပေးဖို့ မောင်တောဒေသခံများက ဇူလိုင်လ ၆ ရက်နေ့က မောင်တောမြို့ သာသနာ့ဗိမ္မာန်တွင် မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် (မေယုဒေသ) ရေရှည်တည်တံ့ရေး ညှိုနှိုင်းအစည်းအဝေးမှ တောင်းဆိုလိုက်ခြင်းဖြစ်သည်။

ယင်းအပြင် မေယုဒေသမှ UN/INGO များ ချက်ချင်းထွက်ခွာသွားရန်၊ မေယုဒေသမှာ လူဦးရေ ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုပညာပေးဥပဒေကို အကောင်အထည်ဖော်ရန်နှင့် တစ်လင်တစ်မယားစနစ်ကို ကျင့်သုံးရန်၊ ခိုးဝင်ဘင်္ဂလီများအား ၁၉၈၂ ခု မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ဆောင်ရွက်ပေးပြီး ဥပဒေနှင့် မညီဘဲထုတ်ပေးသော နိုင်(ပြု)ကဒ်များကို ပြန်လည်ရုတ်သိမ်းပေးရန်နှင့် ဥပဒေနှင့်မညီညွတ်သူများကို ဒုက္ခသည်စခန်းဖြင့် သီးသန့်ထားရှိရန် အပါအဝင် အချက် (၇)ချက်ကို တောင်းဆိုခဲ့ကြသည်။

“လက်ရှိ မောင်တော၊ ဘူးသီးတောင်ဒေသမှာ အကြမ်းဖက်နေတာ ဆိုတာဟာ နိုင်ငံသားမဟုတ်တဲ့သူတွေ အကြမ်းဖက်နေတာဖြစ်တယ်။ နိုင်ငံသားမဟုတ်တဲ့သူတွေ အကြမ်းဖက်နေတာကို ဘာအဖွဲ့အစည်းမှာ အကြမ်းဖက်တယ်လို့ နိုင်ငံတော်အစိုးရက တရားဝင် ထုတ်ပြန်တာမျိုးမရှိသေးဘူး။ ကျနော်တို့ဌာနေ တိုင်းရင်းသား တွေအနေနဲ့ လုံခြုံရေးအခြေအနေ အရ ဒေသကိုကာကွယ်ဖို့၊ ဌာနေတိုင်းရင်းသားတွေကို ကာကွယ်ဖို့အတွက် ဖွဲ့စည်းဖို့ တောင်းဆိုရတာဖြစ်တယ်။ ” ဟု မေယုဒေသ ရေရှည်တည်တံ့ရေးအဖွဲ့မှ ကိုဝင်းနိုင်က ပြောဆိုသည်။

မောင်တောဒေသတွင် အပြစ်မဲ့အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများ ကိုအကြမ်းဖက်သတ်ဖြတ်မှုများပေါ်ပေါက်လျက်ရှိကာ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းကလည်း အကြမ်းဖက် သမားများ၏ ဥမင်လှိုဏ်ခေါင်းများနှင့် လက်နက်များကို တပ်မတော်က ရှာဖွေတွေ့ရှိခဲ့သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ဖြစ်ပေါ်နေသည့် အခြေခံအကြောင်းတရားများ ပေါ်မူတည်၍ လုံခြုံရေး အခြေအနေ သုံးသပ်မှု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး လိုအပ်ပါက သင့်လျှော်သည့် ဆောင်ရွက်ချက်များ လုပ်ဆောင်သွားဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်