စိမ်းကိုကို၊ DMG

စက်တင်ဘာ ၁၂၊ စစ်တွေ

 

အိန္ဒိယသံရုံးမှ ရခိုင်ပြည်နယ်အတွက် လယ်ယာသုံးစက်ပစ္စည်းများနှင့် ကွန်ပျုတာများလှူဒါန်းရန် သဘောတူညီချက် ၂ ရပ်အား နားလည်မှု စာချွန်လွှာလက်မှတ်ရေးထိုးခြင်း အခမ်းအနားတစ်ခုကို စက်တင်ဘာလ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်က စစ်တွေဟိုတည်၌ ပြုလုပ်ခဲ့ကြသည်။

 

အိန္ဒိယသံရုံးမှ ရခိုင်ပြည်နယ် အတွက်လယ်ထွန်စက် ၁၅ စီး၊ ရိတ်သိမ်းခြွေလှဲ့စက် ၁၅  စီးအပြင် စစ်တွေ ကွန်ပျုတာ တက္ကသိုလ်အတွက် ကွန်ပျုတာ အလုံး ၄၀ ခန့်ကို လှူဒါန်းနိုင်ရန် အတွက် နားလည်မှုစာချွှန်လွှာ၌ လက်မှတ်ရေး ထိုးခဲ့ကြခြင်းဖြစ်ပြီး ရခိုင်ပြည်နယ်၏ စိုက်ပျိုးမွေးမြူရေးကဏ္ဍမှ စက်မှုကဏ္ဍအဖြစ် တိုးတက်လာစေရန် ရည်ရွယ်ချက် ဖြင့် လှူဒါန်းရခြင်းဖြစ်ကြောင်း အိန္ဒိယသံအမတ် His excellency,Vikram Misri က ပြောသည်။

 

“လယ်ထွန်စက်နဲ့ ရိတ်သိမ်းခြွေလှဲ့စက်တွေကို အမှန်တကယ် ရခိုင်ပြည်နယ် စိုက်ပျိုးမွေးမြူးရေးကဏ္ဍ စက်မှုကဏ္ဍကို တိုးတက်သွားအောင်လုပ်နိုင်ဖို့ အတွက် အဓိကကျွန်တော်တို့ လှူဒါန်းတာဖြစ်ပါတယ်။” ဟု ပြောသည်။

 

ယင်းအပြင် ကွန်ပျုတာအလုံး ၄၀ ကိုလှူဒါန်းရခြင်းမှာလည်း ကျောင်းသား၊ကျောင်းသူများအနေဖြင့် ဆော့ဖ်ဝဲ ပိုင်း ဆိုင်ရာ နည်းပညာရပ်များး တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်ပြီး လှူဒါန်းရခြင်းဖြစ်ကြောင်းလည်း အိန္ဒိယ သံအမတ် His excellency,Vikram Misri က ပြောသည်။

 

နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ အိန္ဒိယသံအမတ်နှင့် တာဝန်ရှိသူများ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများဖြစ်သော လူမှုရေးဝန်ကြီး ၊ စိုက်ပျိုးမွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီးတို့ အပြင် စစ်တွေ ကွန်ပျုတာတက္ကသိုလ်မှ ဆရာ၊ ဆရာမများ ကျောင်းသား၊ကျောင်းသူများနှင့် လယ်သမားများ တက်ရောက်ခဲ့ကြသည်။