
ရက္ခိုင့်တပ်မတော် (AA) မှ စစ်သည်တော်များ။ ဓါတ်ပုံ - AA
ဖေဖော်ဝါရီလ ၆ ရက်၊ ၂၀၁၈ ခုနှစ်။ ။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူ ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံသတ်ဖြတ်ရန် ရက္ခိုင့်တပ်မတော် (AA) အဖွဲ့မှ ကြိုတင်ကြံစည်လုပ်ဆောင်မှုများအား စီစစ်တွေ့ရှိရကြောင်း ပြည်ထဲရေး၏ ထုတ်ပြန်ချက်နှင့် ပတ်သက်ပြီး ရက္ခိုင့်တပ်မတော်ဘက်မှ ငြင်းဆိုလိုက်သည်။
ဦးဘိုဘိုမင်းသိုက် သေဆုံးခြင်းကိစ္စနှင့်ပတ်သက်ပြီး ထုတ်ပြန်ချက်များမှာ အစိုးရဖက်က စွတ်စွဲခြင်းသာဖြစ်ပြီး ယခင်တုန်းကလည်း ယင်းသို့စွတ်စွဲမှုများရှိခဲ့ကြောင်း ရက္ခိုင့်တပ်မတော် ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။
“ သူတို့ အဲဒီမှာဖေါ်ပြထားတဲ့ M-16 လက်နက်တွေက ကျနော်တို့ AA တိုက်ခိုက်ရေးတပ်ဖွဲ့တွေသုံးတဲ့ လက်နက်မဟုတ်ဘူး။ ကျနော်တို့ အဲဒါကိုမသုံးဘူး။ အဲဒါကြောင့် ဒါဟာအများကြီးကို လွဲနေတာ။ ” ဟု ဆိုသည်။
ယင်းအပြင် ဖမ်းဆီးခံထားရသူ ကျော်မြင့် (ခ)ခိုင်ကျော်နှင့် ၄င်း၏သားတို့သည် AA နှင့်လုံးဝပတ်သက်မှုမရှိဘဲ လူသတ်မှုဖြစ်သည့်အချိန်တွင် ရန်ကုန်သို့ရောက်နေခြင်းများကို ကြည့်ခြင်းအားဖြင့် အမျိုးမျိုးစွတ်စွဲပြီး ဝန်ခံခိုင်းသည့် သဘောမျိုးဖြစ်နေသည်ဟု ခိုင်သုခက ပြောသည်။
“ လုံးဝကို ပတ်သက်မှုမရှိဘူး၊ ဒီလူက တကယ်ပြောမယ်ဆိုရင် ဘာမှကိုမသိလိုက်တဲ့လူမျိုး၊ ဘာကြောင့်ဆိုတော့ လူသတ်မှုဖြစ်တဲ့အချိန်မှာ ရန်ကုန်ကို ရောက်နေတယ်၊ အဲဒါကိုသူတို့က အမျိုးမျိုးစွတ်စွဲပြီးတော့မှ ဝန်ခံခိုင်းတဲ့သဘောမျိုးရှိတယ်ဗျ၊ နောက်သူတို့ထုတ်ပြန်ချက်ထဲမှာပါတဲ့ ဟိုလူဒီလူဆိုတာလည်း ကျနော်တို့ ရက္ခိုင့်တပ်မတော်နဲ့ ဆက်စပ်မှု တစ်ယောက်မှမရှိဘူး။ ” ဟု ခိုင်သုခက ပြောသည်။
ဖမ်းဆီးခံထားရသူ ကျော်မြင့်(ခ)ခိုင်ကျော်၏ ထွက်ဆိုချက်အရ ဦးဘိုဘိုမင်းသိုက်အား လုပ်ကြံသတ်ဖြတ်မှု၊ မူးယစ်ဆေးဝါးရောင်းဝယ်မှုကိစ္စ၊ လက်နက်များ ပေးသည့်ကိစ္စမှာ AA နှင့်ပတ်သက်ပြီး လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုသည်ဟု ပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။




