(ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန ဖေ့ဘွခ်စာမျက်နှာမှ ကူးယူဖော်ပြသည်။)

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၁၈ ခုနှစ် ။       ။ ပုဏ္ဏားကျွန်းမြို့နယ် သက်ရက်ချိုကျေးရွာနှင့် ယိုးငူကျေးရွာကြား ရန်ကုန်-စစ်တွေ ကားလမ်းမဘေးတွင် ဇန်ဝါရီလ ၃၀ ရက်နေ့ ညနေက မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်ခဲ့သူများကို ပုဏ္ဏားကျွန်းရဲစခန်းတွင် ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ဦးဘိုဘိုမင်းသိုက်အား သတ်ဖြတ်ခဲ့သူများကို (ပ)၁၃/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၄၄၀/၁၁၄ (လူသတ်မှု/ သေစေရန်ရည်ရွယ်၍ အကျိုးဖျက်ဆီးမှု/ အားပေးကူညီမှု) ဖြင့် အမှုဖွင့်စုံစမ်းနေကြောင်း ထုတ်ပြန်ထားသည်။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့ ညနေ ၆ နာရီ အချိန် ပုဏ္ဏားကျွန်းမြို့၊ ရန်ကုန်-စစ်တွေ ကားလမ်း မိုင်တိုင်(၁၆၉/၀-၁)ကြား၌ ယာဉ်တစ်စီး လမ်းဘေးထိုးကျနေပြီး ယာဉ်ဘေး၌ လူတစ်ဦးလဲနေကြောင်း သတင်းအရ ပုဏ္ဏားကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှူးဦးစီးအဖွဲ့မှ သွားရောက် စစ်ဆေးခဲ့ရာ YGN 6K-×××× CRV ယာဉ်သည် လမ်းယာဘက်ဘေးရေမြောင်းအတွင်း၌ တိမ်းစောင်းနေကာ ယာဉ်အောက်၌ အမျိုးသား ၁ ဦး ပိမိသေဆုံးနေပြီး အနီးတွင် လက်ကိုင်ဖုန်း ၄ လုံးနှင့် ငွေ/ပစ္စည်းအချို့ တွေ့ရှိခဲ့သည်။

သေဆုံးသူအား စစ်ဆေးရာ ရင်ညွန့်ထိုးသွင်းဒဏ်ရာ ၁ ချက်၊ ဝဲ/ယာ နို့အုံအောက် ထိုးသွင်းဒဏ်ရာ ၁ ချက်စီ၊ ဝဲ/ယာလက်ပြင် ထိုးသွင်းဒဏ်ရာ ၁၂ ချက်နှင့် ဝဲမျက်ခုံးပြတ်ရှဒဏ်ရာ ၁ ချက်တို့ဖြင့် သေဆုံးနေပြီး ယာဉ်ရှေ့ခန်း ခရီးဆောင်အိတ်အတွင်းမှ တွေ့ရှိသည့် စာရွက်စာတမ်းများအရ သေဆုံးသူမှာ ယခင်မြောက်ဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်(၃၇)နှစ် ဖြစ်ကြောင်းသိရှိရပြီး ညနေ ၇ နာရီ ၁၅ မိနစ်အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့မှ အလောင်းအား ပုဏ္ဏားကျွန်းမြို့နယ်ဆေးရုံကြီးသို့ သွားရောက်ပို့ဆောင်နေစဉ် ကျန်ရှိခဲ့သည့် မော်တော်ယာဉ်မှာ မီးလောင်နေကြောင်း သိရှိရသဖြင့် ပုဏ္ဏားကျွန်းမြို့နယ် မီးသတ်တပ်ဖွဲ့မှ သွားရောက်ငြိမ်းသတ်ခဲ့ရာ ညနေ ၉ နာရီ ၂၅ မိနစ်တွင် မီးငြိမ်းသွားခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

ထို့နောက် ည ၁၁ နာရီ ၂၀ မိနစ်အချိန်တွင် ဦးဘိုဘိုမင်းသိုက်၏ အလောင်းအား မော်တော်ယာဉ်ဖြင့် ပုဏ္ဏားကျွန်းဆေးရုံမှ သယ်ဆောင်ခဲ့ရာ ဇန်နဝါရီလ ၃၁ ရက်နေ့ နံနက် ၅ နာရီအချိန် စစ်တွေမြို့ပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိခဲ့ပြီး ရင်ခွဲရုံသို့ပို့ ဆောင်ထားရှိခဲ့ကြောင်း သိရသည်။

(ဓာတ်ပုံ - ပြည်ထဲရေးဝန်ကြီးဌာန ဖေ့ဘွခ်စာမျက်နှာမှ ကူးယူဖော်ပြသည်။)

 

Author: DMG