
ခိုင်ရိုးလ၊ DMG
အောက်တိုဘာ ၁၆၊ ပုဏ္ဏားကျွန်း
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ရှိ သမိုင်းဝင်ဦးရာဇ်တော်စေတီ ဓာတ်လှေကား တည်ဆောက်နေမှု ပြီးစီးနေပြီဖြစ်ကာ လာမည့် ဒီဇင်ဘာလတွင် အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ဂေါပကအဖွဲ့ထံမှ သိရသည်။
အဆိုပါ ဓာတ်လှေကားကို ၂၀၁၇ ခုဖေဖော်ဝါရီလမှ စတင်တည်ဆောက်ခဲ့ပြီး အနယ်နယ်အရပ်ရပ်မှ သက်ကြီးရွယ်အို ဘုရားဖူလိုသူများ ဘုရားရင်ပြင်သို့ အလွယ်တကူ ဖူးမျှော်နိုင်ရန်ရည်ရွယ်ချက်ဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
“ အခုအချိန်မှာတော့ ဒီလှေကားကို စက်တပ်နေပါတယ်။ တည်ဆောက်မှုက ၉၀ ရာခိုင်နှုန်းကျော်ပြီးပါပြီ။ လှေကားကိုတော့ ဒီနှစ် ဒီဇင်ဘာလမှာ ဖွင့်လှစ် အသုံးပြုတော့မှာ ဖြစ်ပါတယ်။ ဒီဓာတ်လှေကားမှာ စက်နှစ်လုံးလိုအပ်မှာပါ။ လောလောဆဲတော့ စက်တလုံးတည်းတပ်ဆင်နေတာပါ ”ဟု ဦးရာဇ်တော်ဘုရား ဂေါပက ဥက္ကဋ္ဌ ဦးမောင်ကျော်ဦး က DMG ကိုပြောသည်။
အဆိုပါ ဓာတ်လှေကားကို ရဟန်းရှင်လူတို့၏ အလှူထည့်ဝင်ငွေဖြင့် စတင်တည်ဆောက်ခဲ့ခြင်းပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှလည်း ကျပ်သိန်းပေါင်း ၁၅၀၀ ထည့်ဝင်လှူဒါန်းထားခဲကာ စုစုပေါင်း ကျပ်သိန်း ၅၀၀၀ ကျော်ကုန်ကျကြောင်း ၄င်းက ပြောသည်။
ပုဏ္ဏားကျွန်းမြို့ရှိ ဦးရာဇ်တော်တောင်တက် ဓာတ်လှေကားကို ဒေသခံ အင်ဂျင်နီယာများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး အမြင့်ပေ ၁၂၅ ပေနှင့် လျှောက်လမ်း ပေ ၂၀၀ ရှိကြောင်း သိရသည်။
ယခုတည်တည်ဆောက်နေသော ဓာတ်လှေကားမှာ ရခိုင်ပြည်နယ်ရှိ တန်ခိုးကြီးဘုရားများထဲတွင် ပထမဆုံးတည်ဆောက်နေသော ဓာတ်လှေကားတစ်ခုလည်းဖြစ်သည်။




