စက်တင်ဘာ ၅၊ ခိုင်ရိုးလ၊ DMG

ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် ရခိုင်ပြည်နယ်အစိုးရမှာ လုပ်ပိုင်ခွင့်မရှိဟု ရခိုင်ပြည်နယ်အစိုးရအဖွဲ့စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်း ဝန်ကြီးဦးကျော်လွင်ကပြောသည်။

ရခိုင်လူထုတစ်ရပ်လုံးမှ ဆရာတော်ဦးဥတ္တမပျံလွန်တော်မှုခဲ့သော စက်တင်ဘာလ ၉ ရက်နေ့ကို တရားဝင်ရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမှုများရှိနေသည်။ သို့သော်လည်း ယင်းကိစ္စကို ပြည်ထောင်စုအစိုးရသာ လုပ်ပိုင်ခွင့်ရှိသည်ဟု ဦးကျော်လွင်က ဆိုသည်။  

ရုံးပိတ်ရက်သတ်မှတ်ရန် အစိုးရတစ်ဖွဲ့တည်းဖြင့်လုပ်မရဘဲ ပြည်သူလူထုများ၊ လွတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း လုပ်ဆောင်လျှင် ဖြစ်နိုင်သည်ဟု ၎င်းကဆက်လက်ပြောသည်။

“ ဦးဥတ္တမနေ့ကို ရုံးပိတ်ရက်အဖြစ် လူထုတစ်ရပ်လုံးက ဆန္ဒရှိတယ်ဆိုရင် အဲဒီဆန္ဒကို အစိုးရနားသို့ပေါက်ကြားနိုင်အောင် ပြောစွမ်းဆိုစွမ်းရှိတဲ့ သူတွေသွားပြီးတော့ ဆွေးနွေးရမယ်။ အခုပြည်နယ်မှာ လုပ်တာထက် ပြည်ထောင်စုလွှတ်တော်၊ အမျိုးသားလွှတ်တော်တို့မှာ ကိုယ့်ဒေသမှ အမတ်တွေက တင်ပြဆွေးနွေးမှ ထိရောက်မယ်ထင်ပါတယ် ”ဟု ဦးကျော်လွင်က DMG ကို ပြောသည်။

ရခိုင်လူမျိုးများသည် ဦးဥတ္တမနေ့ ရုံးပိတ်ရန်အဖြစ် သတ်မှတ်ပေးရန် ဆန္ဒရှိနေကြသော်လည်း လတ်တလော တွင် ယင်းနှင့်ပတ်သတ်ပြီး လွှတ်တော်၌ အဆိုတင်သွင်းမှုများမပြုသေးဟု ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ဦးဘရှိန်က ပြောသည်။

ဆရာတော်မှာ နယ်ချဲ့အင်္ဂလိပ်လက်အောက်ကို ကျရောက်ခဲ့သော မြန်မာပြည်သူများ၏ လွတ်လပ်ရေးအတွက် နိုင်ငံရေးတရားဟောပြီးရှေ့ဆောင်လမ်းပြခဲ့သူ ဖြစ်သည်။