ဓာတ်ပုံ - ကျော်စိုးနိုင်

 စိုးအောင်| DMG

ဇူလိုင် ၁၈ ၊ မြောက်ဦး

 ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြတန်ဆောင်း အရံစေတီတစ်ဆူမှာ  ဇူလိုင်လ ၁၃ ရက်နေ့က ပြိုကျသွားခဲ့ကြောင်း မြောက်ဦးရှေ့ဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သိရသည်။

 အဆိုပါ မြတန်ဆောင်းစေတီတော်မှာ မြောက်ဦးမြို့ ကြက်ဈေးရပ်ကွက်တွင် တည်ရှိပြီး ပြိုကျသွားသည့် အရံစေတီမှာ ယခင်ကမြောက်ဦးမြို့ပေါ်၌ လက်နက်ကြီးများ ကျရောက်စဉ် ယင်းစေတီကိုထိမှန်ခဲ့ကာ စေတီကွဲအက်ခဲ့ပြီး ယင်းနေရာမှတစ်ဆင့် မိုးရေစိမ့်ဝင်ကာ စေတီပြိုကျသွားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ နှစ်ချက်ရှိတယ်။ ပထမတစ်ချက်ကတော့ လက်နက်ကြီးပစ်ခဲ့တာကြောင့် စေတီမှာ ပြစ်ကွဲခဲ့တယ်။မိုရွာတော့ ပြစ်ကွဲသွားတဲ့ နေရာတွေကိုရေ တွေစိမ့်ဝင်တာကြောင့် စေတီမှာ အတွင်း၊အပြင် တစ်ခြမ်း ပြိုပျက်သွားတယ်” ဟု မြောက်ဦးမြို့ပေါ်တွင်နေထိုင်နေသော ကိုခိုင်မင်းသျှင်က ပြောသည်။

ထို့အပြင် မြောက်ဦးမြို့ပေါ်၌ ကိုးသောင်းပုထိုးတော်ကြီးနှင့် တစ်ခြားသော စေတီပုထိုးတချို့မှာလည်း ပြိုကျမည့် အခြေအနေတွင် ရှိနေကြောင်းလည်း ၄င်းကဆိုသည်။

လက်ရှိ ပြိုကျသွားသည့် မြတန်ဆောင်း အရံစေတီနှင့်ပတ်သက်ပြီး မြောက်ဦးမြို့ရှိ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ သွားရောက်ကြည့်ရှု့ကာ ပြိုကျသည့်စေတီမှာ ၂၀၀၀ ခုနှစ်က ပြန်လည်ပြုပြင်ထားသည့် လက်ရာအသစ် တစ်ဆူဖြစ်ကြောင်းလည်း သိရသည်။

“ကျွန်တော်တို့ ပြန်ပြုပြင်ရမှာပေါ့။ အခုပြိုပျက်သွားတဲ့ စေတီကို သွားရောက်ကြည့်ရှုးပြီးပါပြီ။ ဒီစေတီဟာ ၂၀၀၀ခုနှစ်က ပြန်ပြီးတော့ ပြုပြင်ထားတဲ့ အသစ်လက်ရာပါ။ ရှေးဟောင်းစေတီတော့ မဟုတ်တော့ဘူး” လို့ မြောက်ဦး ရှေ့/သု ဌာနမှ Dr.သန်းထိုက်ကပြောသည်။

မြောက်ဦးမြို့သည် ရခိုင်ဘုရင်များ နောက်ဆုံးထီးနန်းစိုက်ခဲ့သည့် ရှေးဟောင်းမြို့တစ်ခုဖြစ်ပြီး ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း ဝင်နိုင်ရေး ကြိုပမ်းနေသည့် အချိန်လည်းဖြစ်သည်။

မြောက်ဦးမြို့ ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်စာရင်း(ယူနက်စကို)ဝင်နိုင်ရေးအတွက် အဆိုပြုလွှာမူကြမ်း မှာ ၇၀ ရာခိုင်နှုန်းထိပြီးစီးနေပြီဖြစ်ကာ ယခုလ ၂၁ ရက်နေ့တွင် တင်သွင်းသွားမည်ဖြစ်သည်။

 

ရှေ့ဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့ကို မြောက်ဦးမြို့နယ် ရှေးဟောင်းသုတေသနက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်ဒေသ ယူနက်စကိုစာရင်းဝင် ရန်အတွက် အဆိုပြုစာ(မူကြမ်း)ကို ၇၀ ရာခိုင်နှုန်းအထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။

မြတန်ဆောင်း စေတီတော်ကို  မြောက်ဦးခေတ် ဘုရင်မင်းစောမွန်က ကောဇာသက္ကရာဇ် ၇၉၂ ၊ AD ၁၄၃၁ တွင် တည်ထားကိုးကွယ်ခဲ့ပြီး အရှေ့မြတန်ဆောင်းဘုရားဟုလည်း ခေါ်ဆိုကြသည်။

 

Author: Admin