ခင်သရဖီဦး | DMG
ဖေဖော်ဝါရီ ၂၂၊ ကျောက်တော်
ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ ကမ္ဘာ့ရတနာဘဏ်အနီးတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ နေ့လယ် ၁ နာရီကျော်ခန့်က အရပ်ဝတ် ဝတ်ဆင်ထားသည့် တပ်မတော်အရာရှိတစ်ဦး ဓားထိုးအသတ်ခံရသည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
တပ်မတော်အရာရှိတစ်ဦးနှင့် စစ်သည်နှစ်ဦးသည် ကျောက်တော်မြို့ထဲသို့ ငွေထုတ်သွားစဉ် ဓားဖြင့်ဝိုင်းထိုးခံရခြင်းကြောင့် အရာရှိသေဆုံးသွားခြင်းဖြစ်ကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပသည့် တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“ ကျနော်တို့ သိရသလောက်ကတော့ ဓားနဲ့ဝိုင်းထိုးလို့ ကျဆုံးသွားတာဖြစ်တယ်။ လက်နက်ငယ်သံကြားရတယ်ဆိုတာက သူ့မှာ လက်နက်ပါသွားတာရှိတယ်။ သူခုခံတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။” ဟု ၎င်းကပြောသည်။
အဆိုပါ အရာရှိနှင့်အတူ လိုက်ပါလာသည့် စစ်သည်နှစ်ဦးမှာ ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရပြီး ယင်းဖြစ်စဉ်များနှင့်ပတ်သက်ပြီး စုံစမ်းမှုပြုလုပ်လျက်ရှိကာ လုံခြုံမှုကျိုးပေါက်မှုမရှိစေရန် နယ်မြေခံတပ်များကို ညွှန်ကြားထားသည်ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။
လက်ရှိတွင် ကျောက်တော်မြို့၊ ကမ္ဘာ့ရတနာဘဏ်အနီးတွင် တပ်မ ၅၅ က စစ်ဆေးမှုများပြုလုပ်နေသည်ဟု လုံခြုံရေးအရ အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
“အခုကတော့ လမ်းတွေမှာ စစ်ဆေးမှုတွေလုပ်နေတယ်။ မနေ့ကလည်း တပ်မ ၅၅ က လူအယောက် ၆၀ လောက်ကို စစ်ဆေးခဲ့တာရှိတယ်။ အခုကတော့ ကျောက်တော်မှာ လူအသွားအလာမရှိဘူး။ ဈေးဆိုင်တွေကိုလည်း ပိတ်ထားပါတယ်” ဟု ၎င်းက ယနေ့ နေ့လယ်ပိုင်းတွင် DMG သို့ပြောသည်။
ကျောက်တော်မြို့နယ်အပါအဝင် ရခိုင်ပြည်နယ်မြို့နယ်အများစုတွင် တပ်မတော်နှင့်ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။




