တောင်မြေများကို တူးဖော်ရောင်းချနေသည်ဆိုသော နေရာအားတွေ့ရစဉ်

ခိုင်ရိုးလ၊ DMG

နိုဝင်ဘာလ ၆၊ စစ်တွေ

 

ကျောက်တော်မြို့နယ်၊ လမ်းမတော်ကျေးရွာအနီး ရန်ကုန်- စစ်တွေကားလမ်းဘေးရှိ သမိုင်းဝင် တောင်ပေါက်ငယ် တောင်တန်းတွင် မြေတူးဖော်ပြီး အဆောက်အဦ ဆောက်လုပ်နေခြင်းအား အစိုးရက အရေးယူဆောင်ရွက်ပေးရန်ဒေသခံများက တောင်းဆိုလိုက်သည်။

ထိုတောင်မြေမှာ ၆ ဧကခန့်ရှိပြီး ကျေးရွာပိုင်မြေအဖြစ် မြို့နယ်သစ်တောဦးစီးဌာနက ပျဉ်းကတိုး၊ ကျွန်း စသည့် သစ်ပင်များစိုက်ပျိုးထားသည်။ လက်ရှိမှာ ကျေးရွာသားများ စိုက်ပျိုးထိန်းသိမ်းထားသော မြေနေရာအား တစ်ဦး တစ်ယောက်က ပိုင်ရှင်ခံကာ မြေတူးဖော်ရောင်းစားနေကြောင်း လမ်းမတော်အုပ်ချုပ်ရေးမှူးဟောင်း ဦးထွန်းမြင့် ကပြောသည်။

“အဲဒီသစ်တောတောင်မြေကို သူတို့က အဓမ္မ ပျက်ဆီးအောင် တူးဖော်နေပါတယ်။ ကျွန်တော်တို့ သစ်တောတွေပြုန်းတီးမှာကို စိုးရိမ်ရပါတယ်။ ကျောက်တော်မြို့က ညီညီဇော်က သူ့ပိုင်မြေဆိုပြီးတော့ ရောင်းစားနေတာပါ။ မြေတူးဖော်နေတာက မေလကတည်းကပါ။ ရသေ့တောင်မြို့က သန်းနိုင်ကုမ္ပဏီကို ရောင်းစားထားတာလို့ပြောပါတယ်။ အခုကတော့ မြေတစ်ဧကနီးပါးရှိပါပြီ ”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်ပြီး မြေတူးဖော်သူကို သက်ဆိုင်ရာက အရေးယူရန်အတွက် နိုဝင်ဘာလ ၆ ရက်နေ့က စစ်တွေမြို့တွင် လမ်းမတော် အုပ်ချုပ်ရေးမှူးဟောင်း ဦးသန်းမြင့်၊ ဦးတင်မောင်တို့ အပါအဝင် ရွာသား (၁၀) ဦးက သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ ၎င်းတို့ကမူ ဒေသခံများ၏ ဆန္ဒအရ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး အရေးယူရန် တောင်းဆိုခြင်းဟုဆိုကြသည်။ 

“ ဒီတောင်မှာ ကျွန်တော်တို့ကျေးရွာသားတွေ စိုက်ထားတဲ့စိုက်ခင်းတစ်ခုကို တခြားသူတစ်ယောက်က လာပြီးတာ့ တူးပြီးရောင်းစားတယ်ဆိုတာကို မလိုချင်ဘူး။ တောင်အတွင်း မြေပေါ်မြေအောက် သယံဇာတကို ဖျက်စီးပြီးရောင်းစားတယ်ဆိုတာ မဖြစ်သင့်ဘူး။ ရန်ကုန်- စစ်တွေကားလမ်းတလျှောက် စိမ်းလမ်းစိုပြေနေတဲ့ သစ်ပင်တွကို ဖျက်ဆီးရာရောက်တယ်လို့ထင်တယ်” ဟု လမ်းမတော်ရွာသား ဦးတင်မောင်က ပြောသည်။

အဆိုပါမြေအား ကုမ္ပဏီတစ်ခုကို ခွင့်ပြုချက်ပေးပြီး မြေတူးနေခြင်းဖြစ်ကာ ထိုမြေမှာ သူ၏ ဘိုးဘွားပိုင်မြေ ဖြစ်သည်ဟု မြေယာတူးဖော်ရောင်းစားနေသူဟု စွပ်စွဲခံနေရသူ ဦးညီညီဇော် က DMG ကိုပြောဆိုသည်။

“ အဲဒီမြေဟာ ကျွန်တော့်မိဖဘိုးဘွားလက်ထက်ကတည်းက ပိုင်ခဲ့တာပါ။ ဥယျာဉ်စိုက်ခင်းတွေ လုပ်စားခဲ့တာပါ။ အဲဒါကို တပ်မတော်က ၁၉၈၉ ခုနှစ်လောက်က သိမ်းခဲ့ပါတယ်။ အခုအချိန်မှာတော့ ၂၀၁၆ ခုနှစ်က လျှောက် ထားလို့ ပြန်ရထားတာပါ။ ကျွန်တော့မှာ ပိုင်ဆိုင်မှုအဖြစ် မြေပေးခဲ့တဲ့ အမိန့်စာလက်ထဲမှာရှိပါတယ်။ အခု မြေတူးနေတာကလည်း ကုမ္ပဏီတစ်ခုက အကူညီတောင်းထားလို့ ကျွန်တော်ခွင့်ပြုထားတာပါ ”ဟု ၎င်းက ဆိုသည်။

အဆိုပါ တောင်ပေါက်ငယ် တောင်တန်းမှာ ရခိုင်ရှေးဟောင်းသမိုင်းဝင် စေတီပုထိုး အကျိုးအပဲ့များရှိရာ ဒေသ တစ်ခုဖြစ်သည်။  သမိုင်းဝင်မြေအား ဖျက်ဆီးတူးဖော်ရောင်းချ ချဲ့ထွင်ပြီး၊ အဆောက်အုံများ ဆောက်လုပ်နေ ခြင်းကို တားဆီးအရေးယူပေးရန် ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္ထုတွင်းဝန်ကြီး ဦးကျော်လွင်ထံသို့ တိုင်ကြားမည်ဟုလည်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်သူများက ဆိုကြသည်။