ဒီဇင်ဘာလ ၁၈ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ / DMG

ကျောက်တော်မြို့နယ်၊ သလူးချောင်းကျေးရွာအနီးတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့ တိုက်ပွဲဖြစ်ပွားရာတွင် မြန်မာ့တပ်မတော်ဘက်က ရွာအထက်မှ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများမှာ စိုးရိမ်ကြောက်လန့်နေကြသည်။

ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်အကြားရှိ ဖက်ဝန်းကျော်လမ်းတောင်တန်းတို့တွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA )တို့ ယနေ့ (ဒီဇင်ဘာလ ၁၈ ရက်နေ့)၊ နံနက် ၁၀ နာရီကျော်အချိန်မှ စတင်ပြီး တိုက်ပွဲများ ဖြစ်ပွားရာတွင် မြန်မာ့တပ်မတော်ဘက်က ရဟတ်ယာဉ်များဖြင့် ပစ်ခတ်သည်ဟု ကျောက်တော်မြို့နယ်၊ သလူချောင်းကျေးရွာ အုပ်ချုပ်ရေးမှူးသား ဦးမောင်ဦးချေက DMG ကို ပြောသည်။

တိုက်ပွဲဖြစ်ပွားမှုမှာ ဖက်ဝန်းချောင်း၊ မောင်နှမ ၊ ကျောက်ဆည်တောင် ၊ သဗြုချောင်း၊ ပညာဝ၊ သလူချောင်း ကျေးရွာအနီးတို့တွင် ဖြစ်ပွားနေခြင်းဖြစ်သည်။ ယင်းသို့ ရဟတ်ယာဉ်များဖြင့် ပစ်ခတ်နေသောကြောင့် သလူချောင်းဒေသခံများမှာ ကြောက်လန့်ပြီး နေအိမ်အောက်တွင် ပုန်းခိုနေရသည်သည်ဟု ဦးမောင်ဦးချေက ဆက်လက်ပြောသည်။

“ ဖြစ်နေတာကတော့ သုံးလေးရက်လောက်ရှိနေပါပြီ။ ဒီနေ့မှာ ပိုဆိုးလာပါတယ်။ ပြီးခဲ့တဲ့ ခဏလေးကပဲ စစ်လေယာဉ် ၂ စီးနဲ့ ကျွန်တော်တို့ရွာထက်ကနေ ဖက်ဝန်းကျော်လမ်းတောင်တန်းကို လက်နက် ပစ်ချနေပါတယ်။ အဲဒါကို ကျနော်တို့ မြင်လိုက်ရပါတယ်။ ကြောက်နေတော့ ကျွန်တော်တို့ အိမ်အောက်မှာ ဝပ်နေကြတယ်။ ကျွန်တော့်တို့က အတွေ့အကြုံကမရှိဘူး။ လက်နက်ကြီးပစ်တော့ ရွာသားတွေ ထိတ်လန့်နေပါတယ်။ ယောက်ျားတွေကလည်း ကိုယ့်ကိုပစ်ပြီလားဆိုပြီး ဟိုမှာပုန်း၊ ဒီပုန်းနေကြတယ်။ မိန်းမတွေက ငိုတော့မလိုဖြစ်နေတယ်။ အခုလည်း လက်နက်ကြီး ပစ်တုန်းပဲ ” ဟု ၄င်းက နေ့လည် ၂ နာရီကျော်တွင် DMG ကို  ပြောသည်။

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားနေမှုကြောင့် စပါးခင်းများ၊ တောင်ယာများသို့ မသွားရဲတော့ဟု ပညာဝကျေးရွာက ဒေါ်ဌေးမစံက ပြောသည်။

 “ အခုအချိန်မှာလည်း သေနတ်ကြီးပစ်ခတ်သံတွေ ကြားနေရပါတယ်။ ကျွန်မတို့ ရွာသားတွေကတော့ တောင်ယာကို မသွားရဲတော့ပါဘူး။ လုပ်စားရတာ အခက်ခဲတွေရှိနေပါတယ် ” ဟု ၎င်း ပြောသည်။

တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ဖက်ဝန်းချောင်း၊ မောင်နှမ ၊ ကျောက်ဆည်တောင် ၊ သဗြုချောင်းက ဒေသခံများက စစ်ဘေးရှောင်ရန် ပုဏ္ဏားကျွန်းမြို့နယ် သင်းပုန်းတန်းကျေးရွာသို့ ထွက်ပြေးနေကြသည်။

ယခုဖြစ်ပွားခဲ့သော တိုက်ပွဲတွင် မြန်မာ့တပ်မတော်ဘက်မှ လက်နက်ကြီးများဖြင့် နေရာသုံးနေရာမှ ပစ်ခတ်နေသည့်အပြင် ရဟတ်ယာဉ်နှစ်စီးဖြင့်လည်း နေ့လည် (၁) နာရီတွင် လာရောက်ပစ်ခတ်သွားသည်ဟု ရက္ခိုင့်တပ်မတော် သတင်းနှင့်ပြန်ကြာရေးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြင့်ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိပေ။

ဒီဇင်ဘာလ ၁၆ ရက်နေ့ကလည်း ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာနှင့် ထီးစွဲရွာကြားတွင် လည်းကောင်း၊ ပုဏ္ဏားကျွန်းမြို့နယ် မောင်နှမနှင့် ကျွန်းသာယာကျေးရွာကြားတွင်လည်းကောင်း တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။

ဆက်စပ်သတင်းများ -

ရက္ခိုင့်တပ်မတော်နှင့် တပ်မတော် တိုက်ပွဲကြောင့် ဘူးသီးတောင်သို့ စစ်ဘေးရှောင် ၁၀၀ ကျော်ရောက်ရှိလာ

ရခိုင်ပြည်နယ်အတွင်း ယနေ့အထိ တိုက်ပွဲများဆက်ဖြစ်နေဆဲ

ပုဏ္ဏားကျွန်း စစ်ဘေးရှောင် (၃၀၀)အတွက် စားနပ်ရိက္ခာအကူအညီများ လိုအပ်နေဆဲ

ရခိုင်ပြည်အတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင် ၂၀၀ ကျော်ထပ်တိုးလာ

မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်တို့ နှစ်ဘက်တိုက်ပွဲအတွင်း အရပ်သားတစ်ဦး ဒဏ်ရာရရှိ