စိမ်းကိုကို/ DMG

ကျောက်တော်မြို့နယ်၊ အလယ်ကျွန်းကျေးရွာတွင် မေလ ၂၁ ရက်နေ့ နေ့လည်ပိုင်းက နေအိမ်အတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် မူစလင် ၂ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့သည်။

သေဆုံးသူများမှာ ချော်ဘီ အသက် ၃၈ နှစ်နှင့် သားဖြစ်သူ စေရာမန် အသက် ၈ နှစ်တို့ဖြစ်ပြီး မာမတ်အေဖာန် ဆိုသူမှာ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“သူတို့ပြောတာကတော့ ဘယ်ကမှန်းမသိ လာပြီးတော့ကျလာတယ်။ အိမ်ကိုကျတယ်။ သားအဖနှစ်ဦးသေတယ်။ အိမ်ထဲကိုလာကျလာတယ်။ လက်နက်ကြီးပုံစံလို့ပြောတယ်။” ဟု အလယ်ကျွန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးဝင်းလှထွန်းက ပြောသည်။

သေဆုံးသူ ၂ ဦး၏ရုပ်အလောင်းကို သဂြိုဟ်ပြီးဖြစ်ကြောင်းနှင့် ဖြစ်စဉ်အပေါ် အသေးစိတ်မသိရှိကြောင်း အလယ်ကျွန်းကျေးရွာမှ ရာအိမ်မှူး ဘော်ဒီလာလောင်က ပြောသည်။

ဖြစ်စဉ်ကိုသိရှိနိုင်ရန်အတွက် အလယ်ကျွန်းကျေးရွာမှ ရာအိမ်မှူးနောက်တစ်ဦးဖြစ်သော ကျော်လှကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသည်။