ခိုင်ရိုးလ၊ DMG
အောက်တိုဘာ ၄၊ ကျောက်တော်
ကျောက်တော်မြို့နယ် ၊ရွာသစ်ကေကျေးရွာတွင် အောက်တိုဘာလ ၂ ရက်နေ့က အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၅၂ နှစ်အရွယ် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ခဲ့သောကြောင့် ဆေးကုသမှုခံယူနေရသည်။
အဆိုပါ ကလေးငယ်ကို အိမ်နီးချင်း ထွန်းစိန်မောင်ဆိုသူက ရွာပြင်ဖက်တွင်ရှိသော နေအိမ် တစ်ဆောင်သို့ ခေါ်ဆောင်သွားပြီး ကလေးအား နေအိမ်သို့ပြန်လည်ပို့ဆောင်စဉ် ကလေးငယ်၏ဘောင်းဘီမှာ သွေးများကို တွေ့ရသဖြင့် မိဘများကမေးမြန်းရာ ထွန်းစိန်မောင်မှ အဓ္ဓမပြုကျင့်ကြောင်းသိရှိခဲ့သည်ဟု မိသားစုဝင်များ ထံမှသိရသည်။
“ ကလေးအိမ်နဲ့ ထွန်းစိန်မောင်ဆိုတဲ့အိမ်က အိမ်နီနားချင်းတွေပါ။ သူက နေဝင်စချိန် ရွာပြင်နားက အိမ်တစ်ဆောင်ကို ခေါ်သွားပြီးတော့ မုဒိမ်းကျင့်ခဲ့တာပါ။ ပြီးရင်သူက အိမ်ပြန်ပို့လာတယ်တဲ့အခါ ကလေးရဲ့ဘောင်းဘီမှာ သွေးထွက်နေတာတွေ့ရပါတယ်။ ဒီလိုတွေ့တော့ မေးမြန်းတဲ့အခါမှာ သူ့ကိုမဖွယ်မရာပြုလုပ်ခဲ့ပါတယ်လို့ပြောပါတယ်။ ကလေးမက ငယ်ငယ်ကတည်းကစပြီး ငှက်ဖျားပိုး ဦးနှောက်ဝင်သွားတဲ့ရောဂါကြောင့် တခါတလေ စိတ်မနှံ့မှုတွေ ဖြစ်နေသူပါ ” ဟု ကလေး၏ အဒေါ်ဖြစ်သူ ဒေါ်မစိုးသိန်းက DMG ကိုပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အပေါက်ဝနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးပုဒ်မ ၃၇၆ ဖြင့် အမှုဖွင့်လှစ် ထားပြီး အဓမ္မပြုကျင့်သူမှာ ထွက်ပြေးနေလွတ်မြောက်နေဆဲဟု အပေါက်ဝမှ ရဲစခန်း စခန်းမှူးဌေးဇော် က ဆိုသည်။
“ လောလောဆယ်မှာ ကျွန်တော်တို့ တရားခံနောက်ကိုလိုက်နေလို့ပါ။ အခု ကျောက်တော်မြို့နယ်က နေပြီးတော့ တရားခံထွက်ပြေးသွားလို့ မြောက်ဦးမြို့နယ် မြောင်းဘွေဘက်အစွန်ဖျားထိ လိုက်နေရပါတယ်။ ဖြစ်စဉ်အသေးစိတ်ကို နောက်မှပြောပါမယ် ”ဟု ၎င်းက ပြောသည်။
ယခုအခါတွင် အဆိုပါ မိန်းကလေးငယ်သည် အပေါက်ဝတိုက်နယ်ဆေးရုံတွင် ဆေးကုသခံယူလျက်ရှိသည်။




