(ဧပြီလ ၁ ရက်နေ့က တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းဆင်းတုတော်အစိတ်အပိုင်းများ။ ဓာတ်ပုံ - Facebook)

ဇူလိုင်လ ၄ ရက် / DMG

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ဒေးဝမ်းကျေးရွာအနီးရှိ ရွက်မညိုးတောင် တောင်တန်းပေါ်တွင် ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့က စတင်ကာ တူးဖော်တွေ့ရှိခဲ့သည့် ရှေးဟောင်းစေတီတော်မှ အလှူငွေကျပ် သိန်း ၉၀ ကျော်နှင့် ရှေးဟောင်းဆင်းတုတော်ငယ်တစ်ဆူမှာ ပျောက်ဆုံးသွားကြောင်း သိရသည်။                    

အဆိုပါ အလှူငွေများနှင့် ရှေးဟောင်းဆင်းတုတော်ကို ၄င်းတောင်ပေါ်တွင် နေထိုင်သော ဝါးကျောင်းဆရာတော်က ယူဆောင်သွားခြင်းဖြစ်ပြီး အလှူငွေများမှာ ဘုရားပြန်လည်တည်ဆောက်ရန်အတွက် ဘုရားဖူးလာရောက်ကြသူများထံမှ ထည့်ဝင်သည့် အလှူငွေများဖြစ်ကြောင်း သိရသည်။

ဝါးကျောင်းဆရာတော်သည် ဘုရားဂေါပကအဖွဲ့ မဖွဲ့မီက " အလှူငွေများကို ဘဏ်တွင်အပ်ထားသည်၊ ဂေါပကအဖွဲ့အား ပြန်လည်အပ်နှံမည် " ဟု ပြောဆိုခဲ့ပြီး လက်ရှိတွင် ဆက်သွယ်၍မရတော့ဘဲ ပျောက်ဆုံးနေခြင်းဖြစ်ကြောင်း ကျေးရွာသံဃနာယက ဆရာတော် ဦးကေသာရက ပြောသည်။

“ ကြေးဆင်းတု နှစ်လက်မနီးပါး တစ်ပါး ပါသွားတယ်။ ယူသွားတဲ့ ဦးဇင်းကိုတော့ ဖုန်းလည်းဆက်လို့မရဘူး။ အခုဘုရားကိုလည်း အမိုး မမိုးရဘူး။ ”ဟု ဆိုသည်။  

 ဝါးကျောင်းဆရာတော် ယူဆောင်သွားသည့် ကြေးဆင်းတုတော်မှာ အလွန်တရာတန်ဖိုးရှိသော ကြေးပုတ်အမျိုးအစားဘုရားဟု ဒေသခံများက ပြောဆိုနေကြပြီး ယခုကဲ့သို့ ဘုရားအလှူငွေများနှင့် ရှေးဟောင်းဆင်းတုတော်အား ယူဆောင်သွားခြင်းအတွက် သက်ဆိုင်ရာ မြို့နယ်သံဃနာကအဖွဲ့ ဥက္ကဋ္ဌထံသို့ တင်ပြသွားမည်ဖြစ်ကြောင်းလည်း သိရသည်။  

 

 

Author: DMG