(ကန်စောက်စစ်ဘေးရှောင်စခန်းအား မတ်လအတွင်းက တွေ့ရစဉ်။)

သက်နိုင် / DMG

မေ ၂၅ ၊ စစ်တွေ

ကျောက်တော်မြို့နယ် ကန်စောက်ကျေးရွာရှိ စစ်ဘေးရှောင်စခန်းမှ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦးမှာ ကလေးမွေးဖွားနေစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသွားသည့်အမျိုးသမီးမှာ မအောင်သိန်း ၂၉ နှစ်ဖြစ်ပြီး မေလ ၂၅ ရက်နေ့ မနက် ၃ နာရီခန့်က ကန်စောက် ကျေးလက်ကျန်းမာရေးဌာနတွင် ကလေးမွေးရင်း မီးတွင်းထဲတွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ည ၁ နာရီလောက်မှာ ကလေးစမွေးတယ်။ မိုးကလည်း တအားရွာတယ်။ မိုးကြိုးပစ်သံကလည်း တအားကျယ်တယ်။ သူကတော့ ကလေးမွေးပြီး ၂ နာရီလောက်မှာ ဆုံးသွားတယ်” ဟု ကန်စောက်စစ်ဘေးရှောင်စခန်းမှ ဦးလှကျော်မောင်က ပြောသည်။

ကိုယ်ဝန်ဆောင်အမျိုးသမီးများမှာ ကလေးမမွေးဖွားမီကတည်းက ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝရရှိရန် လိုအပ်သော်လည်း ကျန်းမာရေးစောင့်ရှောက်ပေးမှု အားနည်းချက်များကြောင့် ယင်းကဲ့သို့ သေဆုံးသွားရခြင်းဖြစ်ကြောင်း ၎င်းစစ်ဘေးရှောင်စခန်းတွင် နေထိုင်သူများမှ သုံးသပ်ပြောဆိုကြသည်။

သေဆုံးသွားသည့် ကိုယ်ဝန်ဆောင်အမျိုးသမီးမှာ အရေးပေါ်ဆေးကုသရန် လိုအပ်ခဲ့သော်လည်း ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းကြောင့် အရေးပေါ် ဆေးရုံမတက်ရောက်နိုင်ခဲ့ဘဲ ကလေးမွေးဖွားရာတွင် အခက်အခဲများ ဖြစ်ပွားခဲ့ရခြင်းဖြစ်ကြောင်းလည်း ပြောကြသည်။

လက်ရှိအချိန်တွင် မွေးကင်းစကလေးအား ဖခင်ဖြစ်သူနှင့်အတူ ကန်စောက်စစ်ဘေးရှောင်စခန်းတွင် ရှိနေပြီး သေဆုံးသွားသူ၏ ရုပ်အလောင်းအား ကန်စောက် သင်္ချိုင်းတွင် ယနေ့ညနေ ၄နာရီခန့်တွင် သင်္ဂြိုလ်လိုက်ကြောင်း သိရသည်။

ကန်စောက်စစ်ဘေးရှောင်စခန်းတွင် လူဦးရေ ၅၂၅ ဦးရှိပြီး ယင်းအထဲမှ ကိုယ်ဝန်ဆောင်အမျိုးသမီးများအနေဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို အပြည့်အဝရရှိရန် လိုလားနေကြသည်။