သေဆုံးနေသူ သန်းနိုင်စိုး (အသက် ၃၅ နှစ်)

ဒီဇင်ဘာ ၁၆ ရက်၊ ၂၀၁၇ ခုနှစ် ။     ။ ကျောက်တော်မြို့နယ် ကျားနင်းကန်ကျေးရွာအနီး ချောင်းကမ်းစပ်တွင် လူသတ်ခံရ၍ သေဆုံးနေသည့် အလောင်းတစ်လောင်းအား ဒီဇင်ဘာလ ၁၅ ရက်နေ့ နေ့လည်က တွေ့ရှိကြောင်း ကျားနင်းကန်ကျေးရွာအုပ်ချုပ်ရေးမှူးထံမှ သိရသည်။

အဆိုပါ သေဆုံးသူမှာ ရသေ့တောင်မြို့နယ် ခရုချောင်းကျေးရွာမှ သန်းနိုင်စိုးဖြစ်ပြီး အသက် ၃၅ နှစ်အရွယ်ခန့်ရှိကြောင်း ကျားနင်းကန်အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ယဉ်က ပြောသည်။

သေဆုံးသူ သန်းနိုင်စိုးမှာ ကျားနင်းကန်ကျေးရွာမှ ဦးသန်းဌေးနိုင်၏ စိုက်ပျိုးရေးခြံတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ပြီး စိုက်ခင်းဘေးရှိချောင်းတွင် သေဆုံးနေကြောင်း၊ ဘယ်ဖက်မျက်ခုံးတွင် ဒဏ်ရာတစ်ချက်၊ လည်ပင်းတွင် တံပတ်ဖြင့်ချည်လျက် တွေ့ရှိရကြောင်း အုပ်ချုပ်ရေးမှူး ဦးကျော်မောင်ယဉ်က ဆိုသည်။

အမှုမှန်ပေါ်ပေါက်ရေးအတွက် ခြံပိုင်ရှင် ဦးသန်းဌေးနိုင်က တရားလိုပြုလုပ်ကာ ကျောက်တော်မြို့မ ရဲစခန်း၌ အမှုဖွင့်ထားကြောင်း သိရသည်။

 

Author: ဇောင်း(ပုဏ္ဏားကျွန်း)