ဇွန်လ (၂၅) ရက်၊ ၂၀၁၈ ခုနှစ်။ ကျောက်တော်မြို့နယ် သရက်တပင်၊ ဆင်အိုးချိုင်နှင့် ကြာညိုပြင်ကျေးရွာတို့တွင် တောင်သူ လယ်သမားများထံမှ လူတချို့က ငွေချေးပေးနေခြင်း၊ လယ်ယာမြေပိုင်ဆိုသည့် စာရွက်စာတမ်းများ မိတ္တူကူးယူခြင်းနှင့် စာရွက်စာတမ်းများ ကြေးအဖြစ် ငွေကျပ် ၂၀၀၀ ကနေ ၅၀၀၀ ကျပ်အထိ လိမ်လည်ကောက်ခံနေကြောင်း ဒေသခံများက ပြောသည်။
လယ်ယာမြေပိုင်ဆိုသည့် စာရွက်စာတမ်းများကို မိတ္တူကူးယူခြင်းနှင့် အခကြေးငွေအဖြစ် ကောက်ခံနေခြင်းမှာ ဥပဒေနှင့်အညီ ထောက်ခံချက်များ တောင်းခံခြင်းမရှိဘဲ လိမ်လည်နေသည်ဟု အမည်မဖော်လိုသည့် ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက ပြောသည်။
အဆိုပါ လိမ်လည်မှု ကိစ္စနှင့် ပတ်သက်ပြီး ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ကို DMG မှ မေးမြန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးကို ခေါ်ယူမေးမြန်းနေကြောင်း၊ လက်ရှိမှာ အသေးစိတ်ကို မသိရသေးကြောင်း ပြောသည်။
“ ကျနော်လည်း အခုမှ ကြားရသေးတယ်။ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အကုန်လုံး ခေါ်မေးမယ်။ ဘာလို့လဲဆိုတော့ ဒါတွေက တကယ်လို့ စာရွက်စာတမ်းကိစ္စပါတယ်ဆိုရင် ရပ်ကျေးအုပ်ချုရေး ဥပဒေနဲ့အညီ ထောက်ခံချက်တွေ မပါဘဲနဲ့ ဘာမှလုပ်လို့ရမဲ့ အနေအထားမရှိဘူး။ ” ဟု ပြောသည်။
လိမ်လည်မှုကို မှန်မမှန် စိစစ်ပြီး အကယယ်၍ ဟုတ်သည်ဆိုပါက ဥပဒေအတိုင်း ဆောင်ရွက်မည်ဖြစ်ပြီး လိမ်လည်ခံရသူ တောင်သူများ၏ သဘောဆန္ဒအတိုင်း အရေးယူသွားမည်ဟု ကျောက်တော်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟဇော်က ပြောသည်။
“ ကျနော်တို့ကတော့ ဟန့်တားတာလောက်ပဲ လုပ်လို့ရမယ်။ တကယ်လို့ လိမ်လည်သူတွေရှိတယ်၊ လက်ဆုပ်လက်ကိုင်မိရင်တော့ တမျိုးပေါ့။ ကျနော်လည်း ဘာမှ ဃခနဏ မစုံးစမ်းရသေးဘူး။ ဖြစ်စဉ်ကို သိမှ အသေးစိတ်ပြောလို့ရမယ်။ ” ဟု ၄င်းက ပြောသည်။
လတ်တလောတွင် ကျောက်တော်မြို့နယ် သရက်တပင်၊ ဆင်အိုးချိုင်နှင့် ကြာညိုပြင်ကျေးတို့တွင် လိမ်လည်မှု သတင်းထွက်ပေါ်နေပြီး အခြားကျေးရွာများတွင် မကြားရသေးကြောင်း၊ လိမ်လည်ခံနေရသူ တောင်သူများမှ အဆိုပါလိမ်လည်မှု ကိစ္စကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအပါအဝင် သက်ဆိုင်ရာ ဌာနများက ထိရောက်စွာ အရေးယူပေးစေလိုကြောင်း ပြောသည်။




