ဇူလိုင် ၂၁ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်ရိုးလ / DMG

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းမှ ချောင်းတူကျေးရွာတွင် မြေယာပိုင်ဆိုင်မှုအငြင်းပွားရာမှ လယ်သမားအချင်းချင်း တုတ်၊ ဓားဆွဲပြီး ကြိမ်းဝါးသည်အထိဖြစ်နေရကြောင်း အဆိုပါကျေးရွာနေသူများထံမှ သိရသည်။

အဆိုပါမြေယာအပြင်းပွားမှုကိစ္စအား ချောင်းတူကျေးရွာသား ၁၀၀ ကျော်မှ ဇူလိုင်လ ၂၀ ရက်နေ့တွင် စစ်တွေမြို့ပေါ်သို့ လာရောက်ပြီး သတင်းမီဒီယာများအား ရှင်းလင်းတင်ပြခဲ့သည်။

ယခုအငြင်းပွားနေသည့်မြေမှာ ပလ္လင်းကိုင်းကွင်း၊ ပေါင်မဲထိုးကွင်း၊ ကြံခင်းပြင်ကွင်းနှင့် ဆတ်လူးအင်းကွင်းတို့မှ မြေဧက ၄၀ ခန့်ရှိပြီး ချောင်းတူကျေးရွာ၏ နွားစားကျက်မြေ(ရွာဘုံမြေ)ကွင်းအဖြစ် သတ်မှတ်ထားခြင်းဖြစ်ကြောင်း မီဒီယာများအားရှင်းလင်းစဉ် ကျေးရွာသားများက ပြောသည်။

အဆိုပါ နွားစားကျက်မြေ(ရွာဘုံမြေ)အား ကျေးရွာသားတစ်ဦးတစ်ယောက်မှ ပိုင်ဆိုင်မှုမထားဘဲ ကျွဲ၊ နွားများ လွှတ်ကျောင်းရန်အဖြစ်သာ သတ်မှတ်ထားသော်လည်း ကျေးရွာအတွင်းမှာ လယ်သမား ၇ ဦးက ပုဂ္ဂလိကပိုင်လယ်မြေအဖြစ် ရယူလာသည့်အတွက် ကျေးရွာသားများကတစ်ဖက်၊ လယ်သမား ၇ ဦးကတစ်ဖက် အငြင်းပွားနေကြခြင်းဖြစ်ကြောင်း သိရသည်။

ယခု ၂၀၁၈ ခုနှစ်တွင် ကျေးရွာသားများ၏ ရွာဘုံအဖြစ် ထွန်ယက်စိုက်ပျိုးထားသည့် စပါးများကို ပုဂ္ဂလိက ပိုင်ဆိုင်သူများမှ ဝင်ရောက်ဖျက်စီးခဲ့မှုကြောင့် တရားစွဲဆိုပြီး နစ်နာကြေးတောင်းထားသည်ဟု ချောင်းတူကျေးရွာ အုပ်ချုပ်ရေးမှူးက ပြောသည်။

 “ ၂၀၁၈ ခုနှစ် ၆ လပိုင်း ၂၁ ရက်နေ့က ကျွန်တော်တို့ ထွန်ယက်စိုက်ပျိုးထားတဲ့ စပါးခင်းတွေကို သူတို့က လယ်ထွန်စက် ၃ စီးနဲ့ ဝင်ရောက်ဖျက်ဆီးနေပါတယ်။ အဲဒီလို ဖျက်ဆီးနေတာကို ကျွန်တော်က တရားရုံးကို ဦးတိုက်လျှောက်ထားပြီးတော့ အခုဖျက်ဆီးမှုနဲ့ တရားစွဲပြီးတော့ နစ်နာကြေးတောင်းထားပါတယ်။ ပေးမယ်မပေးဘူးဆိုတာ မသိပါဘူး။ ဒါပေမယ့် ဒီမြေဟာ ချောင်းတူကျေးရွာရဲ့ ဘိုးဘွားပိုင် ရွာဘုံမြေဖြစ်တဲ့အတွက် လက်ရှိလည်း ရွာဘုံမြေဆိုပြီးတော့ ပိုင်ဆိုင်လိုပါတယ် ” ဟု ချောင်းတူကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျော်သောင်းက ဆိုသည်။

၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ညွှန်ကြားချက်ဖြင့် ထိုစားကျက်မြေမှာ ရွာဘုံမြေဖြစ်သည့်အတွက် ကျူးကျော်ထွန်ယက်သူများအဖြစ် ဒေါ်မကျန်ဖြူနှင့် ဦးလှအောင်တို့အား ဆက်လက် ကျူးကျော်ထွန်ယက်မှုမပြုရန် တားမြစ်စာထုတ်ပြန်ခဲ့ကြောင်း သိရသည်။

၎င်းကျေးရွာအတွင်း ပြဿနာများ မဖြစ်ပွားစေရန်အတွက်လည်း လယ်သမား ၇ ဦးတို့ စိုက်ပျိုးထားသည့် စပါး၏တန်ဖိုးအား ဒေသပေါက်ဈေးအတိုင်း နစ်နာကြေးအဖြစ် ကျေးရွာမှပေးချေစေပြီး နောက်နှစ်များတွင် ကျေးရွာ၏ အကျိုးစီးပွားအလို့ငှာ ရွာသားများမှ ထိုမြေအားစီမံလုပ်ကိုင်ရမည်ဟု ညွှန်ကြားထားခဲ့သည်။

ထိုသို့ ရခိုင်ပြည်နယ်အစိုးရ၏အ မိန့်ညွန်ကြားစာထုတ်ပြန်ထားသော်လည်း ယခုတစ်ဖန် ပြဿနာများ ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းအရင်းမှာ မြေစာရင်းရုံးမှ အဂတိလိုက်စားမှုကြောင့်ဖြစ်သည်ဟု ချောင်းတူကျေးရွာနေ ဦးခင်မောင်က ပြောသည်။

“အခုလို မြေယာပြဿနာ အငြင်းပွားမှုဖြစ်ရတာဟာ ကျောက်တော်မြို့ မြေစာရင်းဦးစီးဌာနမှ ဒုဦးစီးဖြစ်နေတဲ့ ဦးမောင်မောင်လှကြောင့်ပါ။ ကျနော့်မှာအထောက်ထားတွေ အကုန်လုံးပါပါတယ်။ သုံးဧက မြေတစ်ကွက်ကို ငဖြူကိုလည်းပေး ငနီကိုလည်းပေး လူတစ်ဆယ်လောက်ပေးလိုက်တာ။ ဒါဟာ အဂတိလိုက်စားတာ ပေါ်လွင်စေပါတယ် ” ဟု ပြောသည်။

ချောင်းတူကျေးရွာမှ စားကျက်မြေ(ရွာဘုံမြေ)တွင် ပုဂ္ဂလိကပိုင်မြေအဖြစ် ထွန်ယက်စိုက်ပျိုးနေသည်ဟု ပြောဆို ခံနေရသူများထဲမှ လယ်သမားတစ်ဦးအား DMG မှ ဆက်သွယ်မေးမြန်းခဲ့ရာ “ ကိုယ့်လယ်ကို လုပ်ကိုင်နေတာပါ။ လယ်ယာပိုင်ဆိုင်မှု သက်သေအထောက်ထား အပြည့်ရှိပါတယ် ” ဟု ပြောဆိုခဲ့သည်။

ချောင်းတူကျေးရွာမှ မြေယာအငြင်းပွားမှုအား သက်ဆိုင်ရာမှ ဖြေရှင်းမှုကြန့်ကြာနေပါက မလိုလားအပ်သည့် ပြဿနာများ ထပ်မံဖြစ်ပေါ်လာနိုင်ပေသည်။

ယခုကဲ့သို့ စားကျက်မြေ(ရွာဘုံမြေ)တွင် ထွန်ယက်စိုက်ပျိုးနေမှုများကြောင့် ကျေးရွာသားများနှင့် ပုဂ္ဂလိက ပိုင်ဆိုင်လိုသူအချို့ အငြင်းပွားနေမှုများမှာ သက်ဆိုင်ရာမြို့နယ်မြေစာရင်းများ၌ အဓိကတာဝန်ရှိပြီး ပုဏ္ဏားကျွန်းမြို့နယ် ကျွဲထိုးကျေးရွာတွင်လည်း အလားတူဖြစ်ရပ်မျိုး ဖြစ်ပေါ်လျက်ရှိနေကြောင်း သိရသည်။