ကျော်သူဌေး | DMG
ဒီဇင်ဘာ ၃၀၊ စစ်တွေ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်တွင် ယမန်နေ့(ဒီဇင်ဘာလ ၃၀ ရက်နေ့)၊ ညနေ (၇)နာရီခွဲခန့်က ပစ်ခတ်မှုဖြစ်ပွားခဲ့ရာတွင် အမျိုးသမီး (၂)ဦး ဒဏ်ရာရရှိသွားပြီး နေအိမ်အချို့နှင့် ဌာနဆိုင်ရာရုံးအချို့ကို ကျည်ဆံထိမှန်သွားသည်။

ကျောက်တော်မြို့ အထက(၂) အနီး၊ ရဲစခန်းအနီး နှင့် ရွှေကျောင်းဓမ္မာရုံအနီးတို့တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့သောကြောင့် မြို့သစ်ရပ်ကွက်မှ အသက် (၇၈)နှစ်အရွယ် ဒေါ်မဲမဦးနှင့် အသက် (၂၃)နှစ်အရွယ် ကျောင်းဆရာမတစ်ဦး ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။

ရွှေကျောင်းဓမ္မာရုံအနီးရှိ ဖြူစင်မေတ္တာ ပရဟိတအသင်းရုံးလည်း ပစ်ခတ်မှုများကြောင့် ခေါင်မိုးပေါက်ထွက်သွားသဖြင့် စိတ်မကောင်းဖြစ်မိသည်ဟု အသင်းတာဝန်ရှိသူ တစ်ဦးက ပြောသည်။

“ကျနော်တို့ရုံးမှာက ခေါင်မိုးတွေ ပေါက်ထွက်သွားပြီး အုတ်နံရံမှာ အပေါက် ၂၀ လောက်ပေါက်သွားတယ်။ ကျနော်တို့ ရုံးတစ်ခုတည်းမဟုတ်ဘူး။ ပျက်စီးသွားတဲ့နေရာတွေက မြို့ ထဲမှာ အများကြီးပဲ” ဟု ၎င်းက ဆိုသည်။
ထိုပစ်ခတ်မှုများမှာ တိုက်ပွဲဖြစ်ပွားမှုကြောင့် မဟုတ်ဘဲ တပ်မတော်၏ တစ်ဖက်သတ်ပစ်ခတ်မှုကြောင့်ဟု ပစ်ခတ်မှုနှင့်ကြုံတွေ့ခဲ့ရသည့် ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက ပြောသည်။

“နှစ်ဖက်ပစ်ခတ်တဲ့ ပုံစံမျိုးမဟုတ်ဘဲနဲ့ တပ်မတော်ဘက်ကနေပြီးတော့ ခေါင်းစဉ်တစ်ခုခုတပ်ပြီးတော့ အခြေအနေတစ်ခုခုနဲ့ ဘာရည်ရွယ်ချက်နဲ့ ပစ်သလဲဆိုတာတော့ ကျနော်တို့ မခန့်မှန်းတတ်ဘူး။ မြို့ကို တရစပ် ပစ်တယ်” ဟု ၄င်းကပြောသည်။

ကျောက်တော်မြို့အတွက် လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်ကို ရက္ခိုင့်တပ်တော်(AA)က လာရောက်ပစ်ခတ်ခြင်းသာဖြစ်ပြီး မိမိတို့ဘက်က လုံးဝပစ်ခတ်ခြင်းမရှိဟု အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောသည်။

“လုံခြုံရေးလုပ်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ ဝင်တွေကို မနေ့ ည ၇နာရီခွဲလောက်က AA က လက်နက်ငယ်နဲ့ လာပစ်တာ၊ ကျနော်တို့က တစ်ချက်မှပြန်မပစ်ဘူး။ ကျနော်တို့သာပြန်ပစ်လို့ ရှိရင် မနေ့ညက ကျောက်တော်မြို့ကြီးက ပြာဖြစ်သွားပြီ။ အဲလောက်ထိ တပ်မတော်က သဘောထားကြီးစွာ လုပ်ပေးထားတာ ဘာတစ်ချက်မှ ပြန်မပစ်ဘူး” ဟု ၎င်းကဆိုသည်။

ကျောက်တော်မြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်းနှင့် တပ်မတော်ပြောသကဲ့သို့ မိမိတို့ဘက်က ပစ်ခတ်မှု မရှိခဲ့ကြောင်း AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ပြောသည်။

“ကျနော်တို့နဲ့ လုံးဝတိုက်ပွဲဖြစ်တာ မရှိဘူး။ ကျနော်တို့ကနေပြီးတော့ ကျနော်တို့ ပြည်သူတွေ နေထိုင်တဲ့ နေရာမှာ သွားပြီးတော့ တိုက်ပွဲလုပ်ရအောင် ကျနော်တို့က ဒီလောက်ထိ အတွေးအခေါ် ညံ့ဖျင်းတဲ့ အဖွဲ့ အစည်း မဟုတ်ဘူး”ဟု ၎င်းကဆိုသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ကျောက်တော်မြို့၊ မဟာကံကြီးသျှင်ဘုရားအနီးတွင် တပ်မတော် နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ပစ်ခတ်မှုများရှိခဲ့သည်။ ယင်းပစ်ခတ်မှုများအတွင်း အရပ်သား (၄)ဦးဒဏ်ရာရရှိ သွားပြီး အရပ်သားထိခိုက်မှုနှင့်ပတ်သက်ပြီး နှစ်ဖက်အပြန်အလှန်စွပ်စွဲခဲ့ကြသည်။

Author: Admin