
(ကျောက်တော်မြို့မှာ မီးလောင်မှုဖြစ်ပွားခဲ့စဉ်။ ဓါတ်ပုံ - ဇော်ဝင်း)
ဇန်နဝါရီလ ၂၇ ရက်၊ ၂၀၁၈ ခုနှစ် ။ ။ ကျောက်တော်မြို့ရှိ လူနေအိမ်နှစ်လုံးနှင့် လဖက်ရည်ဆိုင်တစ်ဆိုင်ကို ဇန်နဝါရီလ ၂၆ ရက်နေ့ ညဥ့်အချိန်က မီးရှို့မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မီးရှို့မှုမှာ ကျောက်တော်မြို့၊ ပြည်တော်သာရပ်ကွက်ရှိ ဦးဝင်းရွှေမောင်၏ နေအိမ်နှင့် ၄င်း၏ယောက်ဖဖြစ်သူ နေအိမ်တို့အပြင် နောင်နောင်လဖက်ရည်ဆိုင်တို့ကို မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မီးရှို့ခံရမှုနှင့်ပတ်သက်ပြီး ဦးဝင်းရွှေမောင်က “ ကျနော်နဲ့ ရန်ငြိုးရန်စလည်း ဘယ်သူမှမရှိဘူးဗျာ၊ သူတို့က လောင်စာဆီတွေနဲ့ လာပြီးတော့ တံခါးပေါက်နှစ်ခုကို လောင်စာတွေစုကာ ဆီးလောင်းပြီးမီးရှို့သွားတာ၊ ကျနော်နိုးလာတော့ ကျနော့်ခြံက သွပ်ကာထားတာဆိုတော့ အဲဒီသွပ်ကို ခြေနင်းပြီး ပြေးတဲ့အသံထွက်လာတယ်။ ကျနော်ထကြည့်တော့ မီးလောင်နေပြီ၊ အမျိုးသမီးကို နိုးပြီးတော့ မီးသတ်လိုက်တယ်။ အဲဒီအချိန်က ၁ နာရီကျော်နေပြီ။ ” ဟု DMG ကို ပြောသည်။
မီးလောင်မှုကြောင့် ဦးဝင်းရွှေမောင်၏ နေအိမ်တွင် တံခါးနှစ်ခုပျက်စီးသွားခဲ့သလို၊ ၄င်း၏ယောက်ဖဖြစ်သူ၏ နေအိမ်အစွန်း တာပေါ်လီစမှာလည်း မီးလောင်ခဲ့ပြီး နောင်နောင်လဖက်ရည်ဆိုင်၏ အပြင်တွင်ထားရှိသည့် မီးသွေးအိပ်များကို ဆီလောင်းကာ မီးရှို့ခဲ့ခြင်းဖြစ်ကြောင်းလည်း ကိုနောင်နောင်၏ ဇနီးဖြစ်သူက ပြောသည်။
“ ကျမတို့ အိပ်နေတော့၊ အပြင်မှာ မီးသွေးအိတ်တစ်အိတ်နဲ့ ထင်းတွေကျန်ခဲ့တယ်၊ အိပ်ရာကလို့နိုးလာတော့ မီးတောက်နေတာကို တွေ့ရတယ်။ အဲဒီအချိန်မှာ ကျမယောင်္ကျားကို နိုးပြီးတော့ မီးသတ်ကြတယ်၊ မီးကတော့ ဆိုင်ခေါင်မိုး နည်းနည်းလောင်သွားတယ်၊ မီးငြိမ်းမှပဲ ဓာတ်ဆီတွေကိုတွေ့ရတော့ လူရှို့သွားတယ်ဆိုတာကို သိရတာပါ၊ ဖြစ်တာကတော့ ညနေ ၁၂ နာရီကျော်ရှိမယ်။ ” ဟု ကိုနောင်နောင်၏ ဇနီးက ပြောသည်။
ယင်းသို့ မီးရှို့ခဲ့မှုနှင့်ပတ်သက်ပြီး မီးရှို့မှု ဟုတ်၊ မဟုတ်ကို ကျောက်တော်မြို့မရဲစခန်းမှ စုံးစမ်းစစ်ဆေးလျှက်ရှိပြီး မီးလောင်မှုနှင့်ပတ်သက်ပြီး ယခုအချိန်ထိ တစုံတရာအမှုဖွင့်လှစ်ထားခြင်း မရှိသေးကြောင်းလည်း သိရသည်။

(မောင်တောမြို့မှာ မီးလောင်မှုဖြစ်ပွားခဲ့စဉ်။ ဓါတ်ပုံ - ချလူးအောင်)
အလားတူ မောင်တောမြို့နယ် မြို့မမြောက်ရပ်ကွက်တွင်လည်း ဘင်္ဂလီနေအိမ်တစ်လုံး မီးဖိုချောင်မှ မီးကြွင်းကျန်ကြောင့် အိမ်တစ်ဆောင်လုံး မီးလောင်ကျွမ်းခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်ငွေနှစ်သောင်းခန့်ခန့်ရှိသည်ဟု မြို့နယ်မီးသတ်တပ်ဖွဲ့မှ ဗိုလ်ကြီးသန့်ဇင်ကိုက ပြောသည်။
၎င်းဖြစ်စဉ်နှင့် ပတ်သတ်ပြီး မီးပေါ့ဆစွာသုံးစွဲသူ အီစ္စလာမ် (ဘ) ကော်ရီမူလာအား ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။




