ခင်သရဖီဦး / DMG
ဖေဖော်ဝါရီ ၉ ၊ စစ်တွေ
ကျောက်တော်မြို့နယ် ဝါးတောင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွင် ဝမ်းရောဂါဖြစ်ပွားမှုများရှိကြောင်း စစ်ဘေးရှောင်များထံမှ သိရသည်။
ဝါးတောင်စစ်ရှောင်စခန်းတွင် လွန်ခဲ့သည့် ၁၅ ရက်ခန့်မှ စတင်ပြီး ဝမ်းပျက်၊ ဝမ်းလျောရောဂါ ဖြစ်ပွားလျက်ရှိရာ ယနေ့ဖေဖေါ်ဝါရီလ ၉ ရက်နေ့အထိဆိုပါက ဝမ်းရောဂါဖြစ်ပွားနေသူ ၈၀ ကျော်ခန့် ရှိကြောင်း စစ်ရှောင်ဒုက္ခသည် ဒေါ်မလှဦးက ဆိုသည်။
“အခုရက်ပိုင်းတွေမှာ ဆေးရုံတက်နေရတဲ့လူလဲ မနည်းတော့ပါဘူး။ ကျမတို့က ဆေးခန်းတွေမှာပြဖို့လည်း ပိုက်ဆံမရှိတာကြောင့် အခက်အခဲရှိပါတယ် ” ဟု ဒေါ်မလှဦးက ပြောသည်။
ဝါးတောင်စစ်ရှောင်စခန်းတွင် ဒုက္ခသည် အရေအတွက် ၁၂၃၅ ဦးရှိပြီး ယခု ဝမ်းရောဂါဖြစ်ပွားနေသူများ ထဲတွင် အသက် ၅ နှစ်မှ ၇ နှစ်ရှိသည့် ကလေးငယ်များ ပိုမိုများပြားကြောင်း သိရသည်။
ထိုသို့ ဝမ်းရောဂါဖြစ်ပွားခြင်းမှာ ကျန်းမာရေးအသိပညာပေးမှုများကို လိုက်နာခြင်းအားနည်းသည့်အတွက်ကြောင့်ဖြစ်သည်ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများအစည်းအရုံးမှ ကိုဇော်ဇော်ထွန်းက ဆိုသည်။
“ကျန်းမာရေးပညာပေးတွေလုပ်လည်း သူတို့က အမှန်တကယ်နားထဲဝင်ပြီး လက်တွေ့လိုက်လုပ်နိုင်တဲ့ အနေအထားကို မရောက်သေးဘူးလေ ” ဟု ၎င်းကပြောသည်။
ယင်းအပြင် ဝါးတောင်စစ်ရှောင်စခန်းရှိ ဆေးပေးခန်းမှာလည်း တစ်ပတ်လျှင် ၄ ရက်ခန့်သာ ဆေးကုသမှု ပေးလျက်ရှိသော်လည်း လုံလောက်မှုမရှိကြောင်း ကိုဇော်ဇော်ထွန်းက ဆိုသည်။
“တစ်ချို့ကလာတော့လာတယ်။ ဒါပေမဲ့ သူတို့က အဲဒီမှာအမြဲနေပြီးတော့ ကုပေးတာမဟုတ်ဘူးလေ။ စခန်းကိုလာကုလည်း မနိုင်တဲ့သဘောပေါ့။ အဲဒီမှာ ဆေးပေးခန်းတွေရှိလည်း မလုံ့လောက်ဘူးပေါ့ ” ဟု ၎င်းက ပြောသည်။
ဝါးတောင် စစ်ရှောင်ဒုက္ခသည်စခန်းမှ ယခုရက်ပိုင်းအတွင်း ဝမ်းရောဂါများဖြစ်ပွားနေသူ ၂၀ ဦးခန့်အား အပေါက်ဝဆေးရုံနှင့် ယိုးတရုတ်ဆေးရုံတို့တွင် တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။




