
မေလ ၁၆ ရက်နေ့ကစပြီး ကျောက်တော်-မြောက်ဦး ရထားလမ်းပိုင်း ပြန်လည်ဖျက်သိမ်းခြင်းလုပ်ငန်းစတင်နေစဉ်။ ဓါတ်ပုံ - ခိုင်မင်းထွန်း
ခင်သရဖီဦး။ မေလ ၂၁ ရက်၊ ၂၀၁၈ ခုနှစ်။ ကျောက်တော် - မြောက်ဦး ရထားလမ်းပိုင်းအား မေလ ၁၆ ရက်နေ့ကနေ ပြန်လည်ဖျက်သိမ်းခြင်းလုပ်ငန်း စတင်ပြီး ရထားလမ်းမြေသားများကို ညှိပေးနေကြောင်း စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းရုံးက သိရသည်။
မြေညှိပေးနေသည်မှာ မဟာမြတ်မုနိဘူတာကနေ မြောက်ဦးဘက်သို့ တစ်မိုင်ခန့် မြေညှိပေးမည်ဖြစ်ပြီး ဘဏ္ဍာနှစ်အလိုက် ဘတ်ဂျက်အပေါ်မူတည်ပြီး ရထားလမ်းပိုင်းကို မြေညှိပေးသွားမည်ဟု စစ်တွေ-မင်းဘူး ရထားလမ်းစီမံကိန်းရုံးမှ မန်နေဂျာ ဦးဝင်းထွဋ်က ပြောသည်။
“ ဓည၀တီရှေ့ဟောင်းဇုန်ထဲမှာပါတဲ့မြေကို ပြန်ပြီးတော့ မြေညှိပေးနေပါပြီ။ ၂၀၁၈ ဘတ်ဂျတ်ဖြစ်တဲ့ ဧပြီလကနေပြီး စက်တင်ဘာလထိ ခြောက်လဘတ်ဂျတ်မှာ တစ်မိုင်လောက် ညှိပေးမယ်။ လက်ရှိ ပြီးစီမှုက ပေ ၁၅၀ လောက် ပြီးစီးနေပါပြီ။ ဘဏ္ဍားငွေရရှိမူ အပေါ်မှာမူတည်ပြီး ဆက်လက် မြေညှိပေးသွားပါမယ်။ ” ဟု ပြောသည်။
မြောက်ဦးဘက်မှ ရထားလမ်းကို လာမည့် မိုးရာသီမတိုင်းမီ အပြီးဆောင်ရွက်ပေးရန် အစိုးရထံ တောင်းဆိုကြောင်း တောင်သူလယ်သမားများ ဥပဒေအထောက်အကူပြုကွန်ရပ် (ရခိုင်ပြည်နယ်)မှ စီမံကိန်းမန်နေဂျာ ကိုကျော်ထွီးက ပြောသည်။
“ တစ်နှစ်ကြာပြီးမှ ကျောက်တော် မဟာမုနီဘုရားနားက စပြီးတော့ မြေညှိပေးနေတဲ့အတွက် အများကြီးဝမ်းသာပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ပေါ့ မြောက်ဦးမြို့လမ်းကြောင်း မြေသိမ်းခံရတဲ့ ရထားလမ်းကို ပြန်လည်စွန့်လွတ်ပေးတဲ့အတွက် တောင်သူတွေအနေနဲ့ အခုလက်ရှိအခြေအနေမှာ ၀မ်းမြောက်ပါတယ်။ မြောက်ဦးဖက်ပိုင်းကို အခုနှစ်မှာတော့ လုပ်ပေးနိုင်မည်မဟုတ်ရင်လည်း လာမည်နှစ် မိုးရာသီမတိုင်မီ ပြုလုပ်ပေးဖို့ကိုလည်း နိုင်ငံတော်အစိုးရထံ တောင်းဆိုချင်ပါတယ်။ ” ဟု ၄င်းက ပြောသည်။
လယ်သမားများနေဖြင့် ရထားလမ်းသိမ်းစက သီနှံစိုက်ပျိုးမှုအပေါ် ၅ နှစ်အတွင်း နစ်နာမှုများရှိခဲ့သော်လည်း လက်ရှိ လယ်ယာမြေများကို ပြန်လည်ရရှိသည့်အတွက် နစ်နာမှုက အဓိကမဟုတ်တော့ကြောင်း ရထားလမ်းကို နဂိုမူလအတိုင်း ပြန်လုပ်ပေးရန် ကြန့်ကြာနေပါက လယ်သမားများအတွက် စပါးစိုက်ပျိုး၍ ရနိုင်မည်မဟုတ်ပေ။




