(မိုရာမုန်တိုင်းကြောင့်ပျက်စီးခဲ့သည့် ပြိုင်းတိုင်းရွာမှ ကျောင်းဆောင်း။ ဓာတ်ပုံ - မောရမြေ ကျော်လှမြင့်)

ဇူလိုင် ၉ ရက်၊ ၂၀၁၇ (DMG) ။    ။  ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ ပြိုင်းတိုင်းကျေးရွာတွင် ပြီးခဲ့သည့် မေလအတွင်းက တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် ကိုယ်ထူကိုယ်ထ အလက(ခွဲ)ကျောင်းဆောင်မှာ ယခုအချိန်ထိ မပြုပြင်ရသေးဘဲ လက်ရှိတွင် အရေးတကြီး ပြုပြင်ရန်လိုအပ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။

ပြိုင်းတိုင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ကိုယ်ထူကိုယ်ထ ဆောက်လုပ်ထားသော ကျောင်းဆောင်နှစ်ဆောင်ရှိပြီး အလျား ၉၀ ၊ အနံ ၃၀ ၊ သွပ်မိုး၊ ဝါးထရံ ရှိသည့် ကျောင်းဆောင်တစ်ဆောင်မှာ မေလအတွင်းက တိုက်ခတ်ခဲ့သော မိုရာမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့ခြင်းဖြစ်သည်။

“ ပြိုကျသွားတဲ့ကျောင်းမှာ တက်လို့မရဘူးဗျာ။ အားလုံးပျက်စီးသွားတယ်။ အခုလက်ရှိမှာတော့ ကျောင်းသား၊ ကျောင်းသူတွေဟာ နောက်ကျောင်းဆောင်တစ်ခုမှာ တက်နေရတယ်။ အဲဒီကျောင်းဆောင်မှာတော့ အခန်းသုံးခန်းရှိတယ်။ မူလတန်းတွေကတော့ နံနက်ပိုင်းတက်ရပြီးတော့ အလယ်တန်းတွေကျတော့ မွန်းလွဲပိုင်းမှာ တက်ရတယ်။ အဲဒီကျောင်းဆောင်ပျက်စီးသွားလို့ အနီးအနားမှာရှိတဲ့ ရွာ(၄)ရွာက ကျောင်းသား၊ ကျောင်းသူ (၃၀)လောက် တခြားကျောင်းကို ပြောင်းသွားကြတယ်။ အတတ်နိုင်ဆုံးကတော့ ပျက်စီးသွားတဲ့ ကျောင်းဆောင်ကို ပြန်ဆောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ” ဟု ပြိုင်းတိုင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကျော်က ပြောဆိုသည်။

လက်ရှိပြိုင်းတိုင်း အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)တွင် ဆရာ၊ ဆရာမ(၆)ဦးရှိပြီး အလယ်တန်း ကျောင်းသား၊ ကျောင်းသူ ၇၀ ဦးနှင့် မူလတန်း ကျောင်းသား၊ ကျောင်းသူ(၂၀၀)ဦး တက်ရောက်လျက်ရှိကြောင်းလည်း ၎င်းကဆက်လက်ပြောသည်။

အဆိုပါ ကျောင်းဆောင်ပျက်စီးမှုနှင့် ပတ်သတ်ပြီး ဒေသခံများအနေဖြင့် ကျောင်းဆောင်ပြုပြင်ရန်အတွက် မြို့နယ် အုပ်ချုပ်ရေးမှူး၊မြို့နယ် ပညာရေးမှူး၊ ပြည်နယ်ပညာရေးမှူးသို့ တင်ပြထားရှိသော်လည်း လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးကြောင်းလည်း သိရသည်။

ဖဒူ ထွန်းအောင်
Author: ဖဒူ ထွန်းအောင်