၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်၊ ခိုင်မင်း(ကျောက်ဖြူ) / DMG

ရခိုင်ပြည်နယ်အတွင်းမှ ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကလေးမွေးဖွားရန် လာရောက်ရာ၌ ငွေကျပ်ငါးသောင်းမှ ရှစ်သောင်းအထိ ပေးနေရ၍ မရှိဆင်းရဲသားများအနေဖြင့် အခက်အခဲဖြစ်ရကြောင်း မွေးလူနာရှင်များထံမှ သိရသည်။

မွေးလူနာရှင်များမှာ ရိုးရိုးမွေးမည့်ဆိုပါက ငွေကျပ်ငါးသောင်းအထိပေးရပြီး ခွဲမွေးမည့်ဆိုပါက ငွေကျပ်ရှစ်သောင်းအထိ ပေးရကြောင်းနှင့် ငွေကြေးများကို ကလေးမမွေးမီကပင် ကြိုတင်တောင်းခံကြောင်း ၎င်းဆေးရုံတွင် ကလေးမွေးဖွားခဲ့သည့် လူနာရှင် ကိုဆန်းဝင်းက ပြောသည်။

“ကျွန်တော်တို့ ကလေးမွေးဖွားဖို့ ဆေးရုံရောက်သွားပြီး (၁၂)နာရီလောက်နေတော့ OG ဆရာဝန်မ ရောက်လာတယ်။ ပြီးတော့ သူအခန်းထဲကိုခေါ်ပြီးတော့ နင်တို့ခွဲမှာလား၊ ခွဲမယ်ဆိုရင် ခုနှစ်သောင်းပေးရမယ်ဆိုပြီး တောင်းခံတဲ့အတွက် ပေးခဲ့ရတယ်။ ကျွန်တော်တို့ ပိုက်ဆံပေးရတာကို အဲဒီလောက်ထိ စိတ်ထဲမှာ မထားပေမယ့် သူတစ်အားကြီး မက်မက်မောမောပုံစံမျိုး ပြောတာတော့ စိတ်ထဲမကောင်းဘူးပေါ့နော်၊ တချို့ဆိုရင် နယ်ကမွေးလူနာတွေအနေနဲ့ ဆေးရုံကို မလာရဲဘူး။ မလာရဲဘူးဆိုတာက အဲဒီလို ကုန်ကျတာတွေကို သိနေတဲ့အတွက် လက်သည်နဲ့ မွေးလိုက်တာတွေရှိတယ်” ဟု ကိုဆန်းဝင်းက ပြောသည်။

ထိုသို့ ကျောက်ဖြူခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ကလေးမွေးဖွားရာ၌ ငွေကြေးများပေးရကြောင်း လူနာရှင်များ၏ ပြောဆိုချက်နှင့်ပတ်သက်၍ ၎င်းဆေးရုံမှ သားဖွားမီးယပ် အထူးကုဆရာဝန်အား DMG သတင်းဌာနမှ သွားရောက်မေးမြန်းခဲ့သော်လည်း မအားသေးသည့်အတွက် ဖြေကြားမပေးနိုင်သေးကြောင်းသာ အကြောင်းပြန်ခဲ့သည်။

ကလေးမွေးဖွားမည့် လူနာရှင်များထံမှ ငွေကြေးတောင်းခံမှုများအပြင် မွေးလူနာများအား ပြည်သူ့ဆေးရုံမှ ပြင်ပဆေးရုံသို့ စေလွှတ်မှုများလည်းရှိကြောင်း၊ လူနာရှင်များအနေဖြင့် တိကျစွာ စာဖြင့်တိုင်ကြားရန် မဝံ့ရဲကြသည့်အတွက် တစ်စုံတစ်ရာ ပြုလုပ်ဖို့ခက်ခဲကြောင်း ကျောက်ဖြူမြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းမှ ပြောသည်။

“ဆေးရုံမှာ မကောင်းဘူး၊ အပြင်ဆေးရုံမှာ ပိုလို့ကောင်းတယ်လို့ လွှတ်လို့လာရတာပါ၊ သေချာသလားလို့မေးတဲ့ အခါသေချာတယ်။ ဒါဆိုဘယ်လောက်ကုန်လဲ မေးတဲ့အခါ ငါးသိန်းကျော်ကုန်ပါတယ်တဲ့။ အဲဒါနဲ့ နောက်တစ်ယောက်ဖြစ်တဲ့ ပထမသတင်းပေး အမျိုးသမီးကိုမေးတဲ့အခါ သမီးကို တခုခုလုပ်ပြစ်မှာစိုးရိမ်လို့ သမီးအနေနဲ့ ဒါကိုမပြောနိုင်ဘူး။ အမှန်တကယ် ဒါတွေကို ထိထိရောက်လုပ်မယ့် အချိန်ကျတော့လည်း သူတို့အနေနဲ့ ရဲရဲဝံ့ဝံ့ ဟုတ်ပါတယ်ဆိုတဲ့ဟာကို ထွက်ဆိုချက် မပေးတဲ့အတွက် ဦးတို့အနေနဲ့ လုပ်လို့မရဘူး” ဟု အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်သန်းက ပြောသည်။

ဓါတ်ပုံ - ခိုင်မင်း(ကျောက်ဖြူ)

Author: ခိုင်မင်း(ကျောက်ဖြူ)