
ခိုင်မင်း၊ခင်သရဖီဦး ၊DMG
စက်တင်ဘာလ ၂၇၊စစ်တွေ
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်ရှိ လောင်းချောင်းမြစ်နှင့် အမ်းမြို့နယ် ကျားအိုချောင်းတွင် ခုံးကောင်အမြောက်အများသေဆုံးခြင်းမှာပုံမှန်သဘာဝအတိုင်းသေဆုံးခြင်းဟုကျောက်ဖြူခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးဦးဦးထွန်းသိန်းက ပြောသည်။
စက်တင်ဘာလ ၂၄ ရက်နေ့တွင် ကျောက်ဖြူခရိုင်မှ တာဝန်ရှိသူများ သွားရောက် စစ်ဆေးပြီးနောက် သဘာဝအတိုင်း သေဆုံးခြင်းဖြစ်သည်ဟု ဦးဦးထွန်းသိန်းကပြောဆိုလာခြင်းဖြစ်သည်။
"အဲဒီဂုံးတွေ သေဆုံးရတာဟာ သက်တမ်းစေ့ရင်လည်းသေတယ်။ရေချိုများရင်လည်းသေတယ်။ အငန်ဓာတ်ကျသွားရင်လည်းသေတယ်။ အပူချိန်မြင့်လာရင်လည်းသေတယ်။ အခုသေတဲ့ဂုံးတွေက လူတွေစားတွေ ဆိုဒ်လည်းမဟုတ်ပါဘူး။ဂုံးသေးလေးတွေဖြစ်ပါတယ် " ဟု ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဦးထွန်းသိန်းကပြောသည်။
ဒေသခံများက ခုံးကောင်အမြောက်အများသေဆုံးသည်ဟု ပြောဆိုသော်လည်း ခုံးသေဆုံးသည့် နေရာဟု ပြောဆိုသည့် နေရာတွင် ခုံးအမြောက်အများ သေဆုံးခြင်းမတွေ့ရှိဟု ခရိုင်ငါးလုပ်ငန်းဦးစီးမှူးက ငြင်းဆိုသည်။
"ဂုံးသေးသေးလေးတွေ(၁စင်တီမီတာ၊ ၂စင်တီမီတာ)လောက်ရှိတဲ့ဂုံးတွေသေဆုံးနေတယ်။ အဲဒီနေရာတွေမှာ တစ်ခြားသက်ရှိတွေဖြစ်တဲ့ ဂုံး စတတွေလည်းရှိတယ်။အနီးအနားမှာရှိတဲ့ ငါးဖမ်းနေတဲ့လူတွေကို ဂုံးအစုလိုက်သေဆုံးနေတာတွေ ရှိသလားလို့မေးကြည့်တော့လည်း မတွေ့ဘူး၊ကျွန်တော်ကိုယ်တိုင်လည်း ဂုံးအမြောက်အများသေဆုံးတာကို မတွေ့ခဲ့ဘူးလို့" ဟု ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးဦးထွန်းသိန်းက ပြောသည်။
ကျောက်ဖြူခရိုင် အမ်းမြို့နယ် ကျောက်မြောင်းကျေးရွာ အုပ်စု အနီးပတ်ဝန်းကျင် တွင် ရေထုညစ်ညမ်းမှုကြောင့် ခုံးကောင်အများအပြားသေဆုံးနေသည်မှာ မဟုတ်မှန်ကြောင်းနှင့် ယင်းခုံးကောင်များမှာ မိုးရေများပြီး ရေချိုဝင်ရောက်မှုကြောင့် သေဆုံးခြင်းဟု စက်တင်ဘာလ ၂၇ ရက်နေ့က နိုင်ငံပိုင်သတင်းစာတွင် ဖော်ပြသည်။
ကျောက်ဖြူမြို့နယ် မဒေးကျွန်းအနီးရှိ သံဇစ်မြစ်ရေညစ်ညမ်းမှုဖြစ်ပေါ်ခဲ့ပြီးနောက် ခုံးကောင်မြောက်အများသေဆုံးခြင်းဖြစ်သောကြောင့် သံဇစ်မြစ်ရေ ညစ်ညမ်းမှုကြောင့် သေဆုံးခြင်းဟု ဒေသခံများက ထင်မြင်ယူဆချက်များ ရှိကြသည်။
“အစိုးရအနေနဲ့ မိုးရေများလို့ ဂုံးတွေသေတယ်လို့ ထင်မြင်ချက်နဲ့ ပြောတာမျိုးမဟုတ်ဘဲ သေချာစိစစ်ပြီးတော့ ပြောစေချင်ပါတယ် ”ဟု အမ်းမြို့နယ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့ ဥက္ကဌ ကိုမျိုးလွင်က ပြောသည်။
အဆိုပါ သံဇစ်မြစ်ရေညစ်ညမ်းမှုကိစ္စကို အစိုးရအနေဖြင့် ဖြေရှင်းပေးရန် အမ်းမြို့နယ် ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့က လွန်ခဲ့သည့်ရက်ပိုင်းအတွင်းက တင်ပြခဲ့သည်။




