ခိုင်မင်း(ကျောက်ဖြူ) l DMG
ဇူလိုင် ၂၈၊စစ်တွေ

ရခိုင်ပြည်နယ်၊​ ကျောက်ဖြူမြို့နယ်တွင် တပ်မတော်သားတစ်ဦး ဇူလိုင်လ ၂၇ ရက်နေ့၊ ညနေ(၉) နာရီ ကျော်အချိန်က မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ကာ သေဆုံးသွားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

သေဆုံးသွားသူမှာ ကျောက်ဖြူမြို့ ခမရ(၅၄၂)တပ်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်သားဝင်းအောင် ဆိုသူဖြစ်ပြီး ခမရ(၅၄၂) ကမ်းခြေရိပ်သာတွင် ကင်းစောင့်နေစဉ်အတွင်း မိမိကိုင်ဆောင်ထားသည့်သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။

လည်ပင်းယာဘက်ခြမ်းတွင် ကျည်ဖောက်ဝင်ကာ ယင်းနေရာတွင်သေဆုံးသွားသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။

“ မနေ့ကညနေပိုင်းမှာ ဖြစ်သွားတာပါ။ သေမှုသေခင်းဖွင့်လှစ်ထားပါတယ်” ဟု ကျောက်ဖြူမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ်(၂၂/၁၉)အရ အမှုဖွင့် လှစ်ကာ စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

Author: Admin