
ခိုင်မင်း(ကျောက်ဖြူ)/DMG
မတ်လ ၈၊စစ်တွေ
ကျောက်ဖြူမြို့နယ်တွင် မတ်လ (၇) ရက်နေ့က မိုးရွာသွန်းမှုကြောင့် နေလှန်းဆားများ ပျက်စီးဆုံးရှုံးမှုရှိခဲ့ သည်ဟု ဆားလုပ်ငန်းလုပ်ကိုင်သူများထံက သိရသည်။
“ ကောက်ဖို့လုပ်ထားတာတွေတော့ မိုးစိုသွားတော့ ပျက်စီးသွားတယ်။ ကောက်ဖို့လုပ်ထားတဲ့ကွင်းက (၁၇)ကွင်းလောက်ကပျက်စီးသွားတယ်။ ဆားတစ်ပိသာကို (၁၅၀)ကျပ်ရှိတယ်။ ဆားကွင်းတစ်ကွင်းကို ပိသာနှစ်ထောင်ကနေသုံးထောင်ကျော်အထိ ထွက်တယ်ဆိုတော့ ဆုံးရှူံးမှုတန်ဖိုးက သိန်း၅၀ ကနေပြီးတော့ သိန်း(၁၀၀)ကြားမှာရှိတယ်” ဟု ဂြင်းကြီးကျေးရွာမှ နေလှန်းဆား လုပ်ကိုင်သူ ဦးထွန်းကြွယ်က ပြောသည်။
ဂန့်ဂါကျေးရွာတွင် အနည်းငယ်မိုးရွာသွန်းမှုကြောင့် နေလှန်းဆားအနည်းငယ်သာပျက်စီးမှုများရှိသော်လည်း ထပ်မံမိုးရွာသွန်းလျှင် နေလှန်းဆားများ ပျက်စီးသွားနိုင်သည်ဟု ဂန့်ဂါကျေးရွာမှ ဆားလုပ်ငန်းရှင် ဦးဌေးအောင် က ဆိုသည်။
“မိုးက ကျွန်တော်တို့ဖက်မှာက နာရီဝက်လောက်ပဲရွာသွန်းခဲ့တာကြောင့် ဆုံးရှုံးမှုနည်းတယ်လို့ပြောရမှာပါ။ နောက်ထပ်မိုးမရွာဖို့ ကိုဆုတောင်းနေရတယ်။ နောက်ထပ်မိုးရွာမယ်ဆိုရင်တော့ ဆားလုပ်ငန်း တွေလည်းပျက်စီးပြီး ဆားလုပ်ငန်းလုပ်ကိုင် နေသူတွေပါ ဘ၀ပျက်သွားနိုင် ပါတယ်”ဟု ၎င်းက ပြောသည်။
ယင်းအပြင် မြို့ချောင်းကျေးရွာ ၊မင်းချောင်းကျေးရွာ၊ စိုင်ခြုံ ကျေးရွာစသည့် ကျေးရွာများက နေလှန်းဆားများ ပျက်စီးဆုံးရှုံးသွားသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလကလည်း ကျောက်ဖြူမြို့နယ်တွင် မိုးတစ်ကြိမ် ရွာသွန်းခဲ့မှုကြောင့် နေလှန်းဆားများ ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့သည်။




