(နိုဝင်ဘာလ ၃၀ ရက်နေ့က ရခိုင်ရိုးရာဝတ်စုံဖြင့် စာသင်နေသော ကျောင်းသား၊ ကျောင်းသူများအား တွေ့ရစဉ်။ ဓာတ်ပုံ - Facebook )
ဒီဇင်ဘာလ ၈ ရက်၊ ၂၀၁၈ ခုနှစ်၊ ခိုင်မင်း(ကျောက်ဖြူ)/DMG
ကျောက်ဖြူမြို့နယ်၊ အလံချိန်ကျေးရွာ အ.ထ.က(ခွဲ)ရှိ ကျောင်းသား၊ ကျောင်းသူများ သောကြာနေ့တိုင်း ရခိုင်ရိုးရာဝတ်စုံ ဝတ်ဆင်ကာ ကျောင်းတက်ရန် ပြီးခဲ့သည့် နိုဝင်ဘာလ (၃၀) ရက်နေ့က စီစဉ်ထားသော်လည်း ယခု ယင်းအစီအစဉ်ပျက်သွားပြီဟု မြို့နယ်ပညာရေးမှူး ဦးစောဝင်းက DMG ကို ပြောသည်။
မိမိတို့ ရိုးရာဝတ်စုံဝတ်ဆင်ပြီး တစ်ပတ်တစ်ကြိမ်ခန့် ကျောင်းတက်ကြရန် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက မြို့နယ်ပညာရေးမှူးရုံး၌ အစည်းအဝေးပြုလုပ်ပြီး ညွှန်ကြားလာသည်။ ယင်းကြောင့် ရခိုင်ရိုးရာ ဝတ်စုံဝတ်ဆင်ကာ အပတ်စဉ် သောကြာနေ့တိုင်း ကျောင်းတက်မည့် အစီအစဉ်ကို စီစဉ်ခြင်းဟု ကျောင်းအုပ် ဒေါ်ခင်ခင်ဦးက မူလက ပြောဆိုသည်။
သို့သော် လွန်ခဲ့သည့် စက်တင်ဘာလကုန်နေ့က ကျောင်းအုပ်ကြီးများ ပုံမှန်အစည်းအဝေးတွင် ရခိုင်စာပေသင်ကြားရေးနှင့် ပတ်သက်ပြီး ပြောဆိုခဲ့ခြင်းဖြစ်သည်။ ယင်းသို့ပြောဆိုမှုကို အလံချိန်ကျေးရွာ အ.ထ.က(ခွဲ) ကျောင်းအုပ်ကြီး ဒေါ်ခင်ခင်ဦးမှာ ရခိုင်ရိုးရာ ၀တ်စုံဝင်ဆင်ကာ ကျောင်းတက်ရမည်ဟု နားလည်မှုလွဲမှားပြီး ရိုးရာဝတ်စုံဖြင့် သောကြာနေ့တိုင်း ကျောင်းတက်မည့်အစီအစဉ် ပြုလုပ်ခဲ့ခြင်းဟု မြို့နယ်ပညာရေးမှူး ဦးစောဝင်းက DMG ကို ပြောသည်။
အဆိုပါ ရိုးရာဝတ်စုံဝတ်ဆင်ပြီး ကျောင်းတက်ခြင်းနှင့်ပတ်သက်၍ ကျောက်ဖြူမြို့ သို့ခေါ်ယူစစ်ဆေးနေသည်မှာ ကောလဟာလသာဖြစ်ကြောင်း၊ အဆိုပါ ကျောင်းအုပ်ကြီး ကျောက်ဖြူမြို့သို့ ရောက်ရှိခိုက် မြို့နယ်ပညာရေးမှူးရုံးသို့ လာရောက်ဖြေရှင်းစဉ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများနှင့် ဆုံတွေ့သဖြင့် ယင်းကိစ္စကို မေးမြန်းခဲ့ခြင်းဟု မြို့နယ်ပညာရေးမှူးက ဆက်လက်ပြောသည်။
ယင်းကိစ္စနှင့်ပတ်သက်၍ အလံချိန်ကျောင်းအုပ် ဒေါ်ခင်ခင်ဦးကို DMG က တယ်လီဖုန်းဖြင့် (၁၀) ကြိမ်ကျော်ခန့် ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေဆိုခြင်း မရှိခဲ့ပေ။




